ကျိုင်းတုံအကျဉ်းထောင်မှာ ကျားဖြန့်နဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ ဆူပူလို့ ဖြိုခွင်းရာမှ တရုတ်နိုင်ငံသား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ
ရှမ်းပြည် (အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်တွင် ဇူလိုင် ၁၄ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ထောင်တွင်းဆူပူမှုကို စစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ရာ တရုတ်နိုင်ငံသား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီအချိန်ခန့်က အွန်လိုင်းလိမ်လည်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ထောင်ဝန်ထမ်းတွေအကြား စကားများရန်ဖြစ်ရာမှ ဆူပူမှုဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာ ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အချုပ်ထောင်ကို စစ်ဆေးရင်း စကားများပြီး ပစ်ခတ်ဖြိုခွင်းတာလို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ တရုတ်နိုင်ငံသား ၁ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်” လို့ သူက ရှင်းပြပါတယ်။
အခင်းဖြစ်ပွားတဲ့နေ့မှာပဲ သေနတ်ဒဏ်ရာရရှိသူ ၈ ဦးကို ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ လျိုထျဲန် (Liu Tian) အမည်ရ တရုတ်နိုင်ငံသား ၁ ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန် ၇ ဦးမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျိုင်းတုံအကျဉ်းထောင်မှ တာဝန်ရှိသူတွေကို စစ်အုပ်စုက စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပြီး စစ်အုပ်စုဘက်ကတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ရှမ်းပြည် (အရှေ့ပိုင်း) နယ်မြေအတွင်းမှ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား အများစုကို စစ်အုပ်စုက ကျိုင်းတုံအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
