ချင်းပြည်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ဆေးကုသဖို့ အကူအညီတွေ လိုအပ်

Author CJ Platform
Categories
Published on Jul 01, 2026

ချင်းပြည်အတွင်း စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သားပြည်သူတွေဟာ ဆေးဝါးကုသမှု ခံယူနိုင်ဖို့အတွက် အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

စစ်အုပ်စုဟာ ချင်းပြည်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်တိုင်အောင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတာ ဖြစ်ပြီး၊ အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူ အရေအတွက်ဟာလည်း ပိုမိုတိုးလာနေတာပါ။

 

“စစ်အုပ်စုက တိုက်ပွဲရှိမှ ဗုံးကြဲတာ မဟုတ်ဘူး။ တိုက်ပွဲမရှိလည်း ဗုံးကြဲတယ်။” လို့ ပလက်ဝမြို့နယ် ဒေသခံ ကိုခူမီးက CJ Platform ကို ပြောပြပါတယ်။

 

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ဆေးဝါးကုသဖို့ ငွေရေးကြေးရေး အခက်အခဲတွေ ကြီးမားစွာ ကြုံတွေ့နေရသလို၊ လက်ရှိအချိန်ထိ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေလည်း မရရှိတာကြောင့် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

 

“ဒဏ်ရာရတဲ့အခါ ဆေးကုချင်တယ်။ ဆေးကုဖို့ ကျွန်တော်တို့မှာ ပိုက်ဆံမရှိဘူး။ ကူညီပေးမယ့်သူတွေလည်း မရှိဘူး။” လို့ ဟားခါးမြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လူနာတွေနဲ့ အဆိုပါ လူနာတွေရဲ့ မိသားစုဝင်တွေဟာ ဆေးကုသစရိတ်အပြင် ခရီးစရိတ်နဲ့ စားစရိတ်စကတွေကြောင့်ပါ ထပ်ဆင့် ဝန်ထုပ်ဝန်ပိုးတွေ ဆိုးရွားစွာ ခံစားနေကြရတာပါ။

 

“ကိုယ့်မြို့နယ်မှာ ကုသဖို့ ဆေးဝါးတွေ၊ ဆရာဝန်တွေ လုံလောက်စွာ မရှိဘူး။ အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် သွားကုရတယ်။ အဲဒီလို သွားဖို့ ခရီးစရိတ်တွေ၊ စားစရိတ်တွေက ဆေးဖိုးထက် ကုန်ကျစရိတ် ပိုများနေတယ်။” လို့ မတူပီမြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ရှင်းပြပါတယ်။

လက်ရှိအချိန်မှာ ချင်းဒေသတွင်း ကျန်းမာရေးဝန်ဆောင်မှုတွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

 

တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကို စစ်အုပ်စုက လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ထားတာကြောင့် ဆေးဝါးနဲ့ ကျန်းမာရေးသုံး ပစ္စည်းတွေ ပြတ်လပ်မှုဟာလည်း ပိုမိုဆိုးရွားလာနေတာပါ။

 

ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းရှိ ဆေးရုံနဲ့ ဆေးခန်းတွေ ပျက်စီးတာ၊ လုံခြုံရေးအရ အရေးပေါ် ရွှေ့ပြောင်းထားရတာတွေလည်း ရှိနေပါတယ်။

 

အရေးပေါ်အခြေအနေတွေကြောင့် ဒဏ်ရာရရှိသူတွေကို နီးစပ်ရာ ဆေးကုသမှု ပေးနိုင်တဲ့ နေရာတွေဆီ အချိန်မီ ပို့ဆောင်နိုင်ဖို့ အလွန်ခက်ခဲနေသလို၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ဖြစ်ပွားနေတာကြောင့် လူနာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေမှာလည်း အသက်အန္တရာယ် ထိခိုက်နိုင်ခြေ အလွန်များပြားနေကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – CJ