စစ်အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကြောင့် ကလေးငယ် တစ်ထောင်ကျော် သေဆုံးပြီး ၆၀၀ ကျော် မတရားဖမ်းဆီးခံရ

Author CJ Platform
Categories
Published on Jul 01, 2026

စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့သည့် ၅ နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုနဲ့ အကြမ်းဖက်မှုမျိုးစုံကြောင့် နိုင်ငံတစ်ဝန်းရှိ ကလေးသူငယ် စုစုပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ကလေးသူငယ် ၆၀၀ ကျော် မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

 

AAPP ရဲ့ မှတ်တမ်းအချက်အလက်တွေအရ စစ်အုပ်စု အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်ကစလို့ အခု ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးသူငယ် ၁,၀၈၃ ဦး ရှိခဲ့ပြီး၊ အဆိုပါအထဲမှာ အသက်အငယ်ဆုံးအနေနဲ့ ၂ လသားအရွယ် ကလေးငယ်ပါ ပါဝင်နေတာကိုတွေ့ရပါတယ်။ အသက်အပိုင်းအခြားအရ မွေးကင်းစကနေ အသက် ၁၃ နှစ်အထိ ကလေးသူငယ် ၆၃၂ ဦးနဲ့ အသက် ၁၃ နှစ်အထက် ကလေးသူငယ် ၄၅၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အတည်ပြုရန် လိုအပ်နေသေးတဲ့ အခြားကလေးသူငယ် ၄၀၀ ဦးရဲ့ သေဆုံးမှုစာရင်းကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ကျောင်းဆင်းချိန် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၃ ဦး သေဆုံးခဲ့ရသလို၊ ယခင်နှစ်တွေကလည်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျောင်းနဲ့ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်အုပ်စုရဲ့ ကောက်ကျစ်ရက်စက်မှုကြောင့် ကလေးသူငယ်အများအပြား အသက်ဆုံးရှုံးခဲ့ရပါတယ်။

 

ဒါ့အပြင် စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေရဲ့ မိသားစုဝင်တွေကို လိုက်လံဖမ်းဆီးရာမှာ မိဘတွေကို ဖမ်းမမိပါက ကလေးသူငယ်တွေကို ဓားစာခံအဖြစ် အစားထိုးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာ၊ အာဏာသိမ်းချိန်ကစလို့ ယခု ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ ကလေးသူငယ် ၆၃၉ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရတာပါ။

 

ဖမ်းဆီးခံရတဲ့ ကလေးတွေထဲမှာ အသက် ၇ နှစ်အောက် ၄၁ ဦး၊ အသက် ၇ နှစ်ကနေ ၁၃ နှစ်အောက် ၄၀ ဦးနဲ့ အသက် 1၃ နှစ်ကနေ ၁၈ နှစ်အောက် ၅၅၈ ဦးအထိ ပါဝင်ကြောင်း အချက်အလက်တွေအရ သိရပါတယ်။ အဆိုပါ ကလေးငယ်တွေဟာ စစ်ကြောရေးနဲ့ ရဲစခန်းတွေမှာ ဥပဒေဆိုင်ရာ အကာအကွယ်တစ်စုံတစ်ရာမရှိဘဲ မိသားစုနဲ့ အဆက်အသွယ် ဖြတ်တောက်ခံရခြင်း၊ လက်ထိပ်နောက်ပြန်ခတ်ပြီး ရက်ရက်စက်စက် ရိုက်နှက်နှိပ်စက်ခံရခြင်းတွေအပြင်၊ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေကိုပါ ဆိုးရွားစွာ ကြုံတွေ့ခဲ့ရကြောင်း ဖမ်းဆီးခံခဲ့ရတဲ့ ကလေးငယ်တစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ဖမ်းဆီးနှိပ်စက်ခြင်း ခံခဲ့ရတဲ့ ကလေးငယ်တစ်ဦးက “ပထမ အဖမ်းခံရတဲ့နေ့တုန်းက ညအထိ ရိုက်နှက်ခံရတာ။ နောက်နေ့ကျတော့ အဲဒီလို လက်ညှိုးနဲ့ ကြွက်သားကို ထိရင်တောင် နာကျင်တဲ့အထိ ဖြစ်သွားတယ်။ ရိုက်နှက်တာကတော့ ကျွန်တော်တို့ဆို မျက်နှာတွေဘာတွေ တည်ပြီးတော့ ရိုက်တာတွေရှိတယ်။ ပြီးတော့ ရာဘာတုတ်နဲ့ ရိုက်တာတွေရှိတယ်။ ပြီးတော့ ပေါင်အတွင်းသားတွေကို ရိုက်တာရှိတယ်။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ လုပ်မှာနော်တို့ ဘာတို့တော့ ခြိမ်းခြောက်တယ်။ စစ်မေးနေတဲ့ အချိန်မှာ မဖြေလို့ရှိရင် ကျည်ဆန်တွေရှိတယ်။ ကျည်ဆန်တွေ ကျွန်တော့်ရဲ့ စအိုထဲ ထည့်မှာဆိုပြီး ခြိမ်းခြောက်တာတော့ ရှိတယ်” လို့ ၎င်း ကြုံတွေ့ခဲ့ရတဲ့ ငရဲခန်းအခြေအနေကို ရင်ဖွင့်ပြောဆိုထားပါတယ်။

 

အလားတူ ဖမ်းဆီးထိန်းသိမ်းရေး စနစ်အတွင်းရှိ မိခင်တွေနဲ့အတူ ပါဝင်လာတဲ့ ရင်ခွင်ပိုက်ကလေးငယ်တွေနဲ့ အကျဉ်းထောင်အတွင်း မီးဖွားခဲ့ရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း သီးခြားကလေးစောင့်ရှောက်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးအထောက်အပံ့တွေ လုံးဝမရရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။

 

အချို့ဖြစ်စဉ်တွေမှာ အကျဉ်းထောင်ဝန်ထမ်းတွေက အချိန်မီ ဆေးရုံသို့ ပို့ဆောင်ပေးခြင်းမရှိတာကြောင့် ကလေးငယ် အသက်ဆုံးရှုံးခဲ့ရသလို၊ ပြင်ပဆေးရုံတွင် မီးဖွားခွင့်ရတဲ့ ကိုယ်ဝန်ဆောင် နိုင်ငံရေးအကျဉ်းသူတွေကိုလည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ခြေကျင်းခတ်ပြီး သံတိုင်နဲ့ တွဲထားခြင်းကဲ့သို့သော လူမဆန်သည့် လုပ်ရပ်တွေကို စစ်အုပ်စုက ကျူးလွန်ခဲ့တယ်လို့ AAPP က ထုတ်ဖော်ပြောဆိုထားပါတယ်။

 

AAPP ရဲ့ အစီရင်ခံစာမှာ စစ်အုပ်စုရဲ့ ယခုလိုမျိုး စာသင်ကျောင်းတွေနဲ့ ကလေးငယ်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု၊ မတရားဖမ်းဆီး နှိပ်စက်မှုတွေဟာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC)၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)၊ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပုံစံမျိုးစုံ ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) နဲ့ ကုလသမဂ္ဂရဲ့ ဘန်ကောက်စည်းမျဉ်းများ၊ နယ်လ်ဆင်မင်ဒဲလား စည်းမျဉ်းများကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်းကိုလည်း တိတိကျကျ ထောက်ပြထားပါတယ်။

 

ဒါကြောင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေရဲ့ အခွင့်အရေး အကျပ်အတည်းကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် တာဝန်ယူမှုရှိရှိဖြင့် အရေးတကြီး အာရုံစိုက် ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်းကိုလည်း တိုက်တွန်းနှိုးဆော်ထားကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news