အချက်အလက်မပြည့်စုံရင် ကောင်စစ်လုပ်ငန်း လုပ်မပေးတော့ဘူးလို့ တောင်ကိုရီးယားနိုင်ငံရှိ စစ်အုပ်စုသံရုံး ခြိမ်းခြောက်
လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် ကိုယ်ရေးအချက်အလက် အပြည့်အစုံ မပေးကြတဲ့သူတွေကို ကောင်စစ်ဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်ပေးတော့မှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်အုပ်စုသံရုံးက ဇွန်လ ၂၆ ရက်နေ့မှာ အကျပ်ကိုင် ခြိမ်းခြောက်လိုက်ပါတယ်။
စစ်အုပ်စုသံရုံးမှာ ကောင်စစ်ဆိုင်ရာလုပ်ငန်းတွေအတွက် အချက်အလက် ရေးသွင်းတဲ့သူအများစုဟာ ပြည့်စုံအောင် မဖြည့်သွင်းတာ၊ မမှန်မကန် ဖြည့်သွင်းတာတွေကြောင့် လုပ်ငန်းစဉ်တွေကို ဆက်လက် မဆောင်ရွက်နိုင်တာမျိုးတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။
အဲဒီလိုမျိုး အချက်အလက် မပြည့်စုံတာတွေကို ပြန်လည်ပြင်ဆင်ဖို့ အကြိမ်ကြိမ် အကြောင်းကြားနေရတဲ့အတွက် မလိုအပ်ဘဲ အချိန်နှောင့်နှေး ကြန့်ကြာနေရသလို၊ တခြားသော လုပ်ငန်းစဉ်တွေကိုပါ ထိခိုက်နေရတယ်လို့ စစ်အုပ်စုသံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အခုကြေညာပြီးချိန်ကစတင်ကာ အချက်အလက်တွေကို မှန်ကန်ပြည့်စုံအောင် ရေးဖြည့်ထားတာမရှိတဲ့ သူတွေရဲ့ ကိစ္စရပ်တွေကို လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူးလို့ အသိပေးထားတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အများစုဟာ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြသလို၊ စစ်အုပ်စုသံရုံးဘက်ကလည်း ၎င်းတို့ကို စောင့်ကြည့်နေတာကြောင့် ကောင်စစ်ဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာ ကိုယ်ရေးအချက်အလက်အမှန်ကို ပေးဖို့ အဆင်မပြေကြတာ ဖြစ်တယ်လို့ ကိုယ်တိုင်လှုပ်ရှားမှုတွေမှာ ပါဝင်နေသူတွေက ဆိုကြပါတယ်။
ကိုရီးယားရောက် မြန်မာ့အရေး လှုပ်ရှားနေသူ တစ်ဦးက “တော်ရုံဆိုရင်တော့ စစ်အုပ်စုသံရုံးနဲ့ သွားရောက်ပတ်သက်လေ့ မရှိကြပါဘူး။ တကယ့်ကို လိုအပ်ချက် ရှိလာလို့မှ သွားရရင်လည်း သူတို့ကို အယုံအကြည် မရှိကြတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဒီလိုပဲ ဖြစ်သလို ဖြည့်စွက်ပေးကြတာပါ” လို့ ပြောပြပါတယ်။
ဆိုးလ်မြို့က စစ်အုပ်စုသံရုံးအနေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားနေသူတွေကို အနီးကပ် စောင့်ကြည့်မှတ်သားပြီး အမည်ပျက်စာရင်း (Blacklist) သွင်းတာ၊ ပြည်တွင်းကို ပြန်လည်ဝင်ရောက်ချိန်မှာ စောင့်ဆိုင်းဖမ်းဆီးနိုင်ဖို့ စာရင်းအချက်အလက်တွေကို ပြည်ထဲရေးဌာနထံ ပေးပို့တာတွေ လုပ်ဆောင်ခဲ့တာရှိသလို၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အရောက်မှာ ဖမ်းဆီးခံလိုက်ရတဲ့သူတွေပါ ရှိခဲ့တဲ့အတွက် ပိုမိုသတိထားလာကြတာ ဖြစ်တယ်လို့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
အဆိုပါ စစ်အုပ်စုသံရုံးရဲ့ ကြေညာချက်ထဲမှာတော့ အချက်အလက် ဖြည့်စွက်သူတွေက မိဘအမည်နေရာမှာ “မရှိ” လို့ ဖော်ပြတာ၊ နေရပ်လိပ်စာမှာ မြို့အမည်လောက်ပဲ ဖြည့်စွက်တာနဲ့ ကျန်တဲ့အချက်အလက်တွေကို အဖြစ်သဘောမျိုးသာ ဖြည့်စွက်ပြီး တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ မှန်ကန်မှုမရှိတာတွေ ဖြစ်နေတယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။
ဓာတ်ပုံ – MOFA
