ပုဗ္ဗသီရီမှာ ကုန်ပို့သည့်ယာဉ်တစ်စီးသစ်ပင်ဝင်တိုက်မိလို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရီမြို့နယ်မှာ ဇွန် ၂၅ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်က ကုန်ပို့သည့် ယာဉ်တစ်စီး အရှိန်လွန်ကာ သစ်ပင်ကို ဝင်ရောက်တိုက်မိကာ အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မနေ့ည ၈ နာရီခွဲအချိန်က ဘုရင့်နောင်ရပ်ကွက်၊ ရွာတော်ဈေးမီးပွိုင့်အနီးမှာ ကုန်ပို့ပြီး ပြန်လာတဲ့ ယာဉ်တစ်စီးဟာ အရှိန်လွန်ကာ လမ်းလယ်ကျွန်းကို ကျော်တက်ပြီး အနီးနားရှိ သစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“တိုက်မိတဲ့အရှိန်က တော်တော်လေးပြင်းတာ။ ကားခေါင်းခန်းထဲက သုံးယောက်စလုံးကို ညှပ်နေလို့ ဆွဲထုတ်ခဲ့ရတယ်။ ယာဉ်မောင်းကတော့ သေဆုံးသွားပြီး၊ ဘေးမှာ လိုက်ပါလာတဲ့ နှစ်ယောက်ထဲက တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်၊ ကျန်တဲ့တစ်ယောက်ကတော့ မစိုးရိမ်ရဘူး” လို့ သူက ပြောပြပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ပြည်သူတွေက အကြောင်းကြားခဲ့တာကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေ ရောက်ရှိလာပြီး၊ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လူမှုကူညီရေးအသင်းတွေက သေဆုံးသူရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူ နှစ်ဦးကို နေပြည်တော် ကုတင် (၁,၀၀၀) ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ယခု ရွာတော်မီးပွိုင့်အနီးမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ဓာတ်ပုံ – မြို့နယ်မီးသတ်တပ်ဖွဲ့
