အိန္ဒိယနိုင်ငံက မာသီယာထိန်းသိမ်းရေးစခန်းမှာ မြန်မာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရ
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ မာသီယာထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီး ၁၀ ဦးကို အမျိုးသားတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးစဉ်အတွင်း လိင်ပိုင်းဆိုင်ရာ မလျော်ကန်တဲ့ ပြုမူဆက်ဆံမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ India For Myanmar အဖွဲ့ဆီကနေ သိရပါတယ်။
အဲဒီ စခန်းမှာ မြန်မာနိုင်ငံသား ၃၂ ဦး ဖမ်းဆီးခံထားရပြီး၊ ဖမ်းဆီးခံရသူတွေရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ မနက် ၅ နာရီဝန်းကျင်အချိန်က စခန်းလက်ထောက်တာဝန်ခံ Mr. Shantanu Deep ရဲ့ ညွှန်ကြားချက်နဲ့ Assam Rifles တပ်ဖွဲ့ဝင်တွေက မြန်မာအမျိုးသမီးတွေကို ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုမျိုး စစ်ဆေးရာမှာ အမျိုးသမီးလုံခြုံရေးဝန်ထမ်းတွေ ပါဝင်ခြင်းမရှိဘဲ အမျိုးသားတပ်ဖွဲ့ဝင်တွေကသာ စစ်ဆေးခဲ့တာ ဖြစ်ပြီး၊ စခန်းထဲမှာ အကျဉ်းသား ၈၀ ခန့်ရှိတဲ့အနက်ကမှ မြန်မာအမျိုးသမီး ၁၀ ဦးကိုပဲ သီးသန့်ရွေးချယ်ပြီး တစ်ကိုယ်လုံးကို ရှာဖွေစစ်ဆေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးမှုအတွင်း အမျိုးသားတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေရဲ့ မသင့်လျော်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိတွေ့ကိုင်တွယ်တာမျိုးတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ထွေထွေထူးထူး အကြောင်းပြချက်လည်း မပြောဘူး။ ဘယ်လိုကြောင့် စစ်ဆေးတာလဲ မပြောဘူး။ ဒီတိုင်းပဲ စစ်ဆေးသွားတဲ့ ပုံစံမျိုးပဲ သူတို့ပြောတယ်ဆိုတော့ အဓိက အကြောင်းရင်းမရှိဘဲနဲ့ မင်းအောင်လှိုင် ခရီးစဉ်နောက်ပိုင်း ပိုပြီးတော့မှ ထောင်အတွင်း ပိုပြီး စည်းကမ်းတင်းကျပ်တာ ဖြစ်တယ်။ မင်းအောင်လှိုင်လက်ထက် မလုံခြုံဘူးလို့ ပြောတဲ့အခါကျ ဖိအားပေးတဲ့ သဘောဆန်တယ်လို့ နားလည်ထားကြတယ်” လို့ India For Myanmar အဖွဲ့ တည်ထောင်သူ ကိုဆလိုင်းဒိုခါက CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ အဆိုပါ အမျိုးသမီးတွေအနေနဲ့ ဒီလိုမျိုး စစ်ဆေးမှုတွေကို နေ့စဉ် ဒါမှမဟုတ် အပတ်စဉ် ဆက်လက်ကြုံတွေ့ခံရနိုင်ခြေ ရှိတာကြောင့် လုံခြုံရေးအတွက် အလွန်စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ဒီလိုမျိုး လုပ်ရပ်ဟာ အိန္ဒိယနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ ဖြစ်ကြတဲ့ BNSS ပုဒ်မ ၄၉(၂) နဲ့ BNS ပုဒ်မ ၇၄ တို့ကို တိုက်ရိုက်ချိုးဖောက်နေတဲ့အပြင်၊ အိန္ဒိယနိုင်ငံကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ အရပ်ဘက်နဲ့ နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ ပဋိညာဉ်စာချုပ် (ICCPR) အပိုဒ် ၁၀ ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တယ်လို့ India For Myanmar အဖွဲ့က ဆိုပါတယ်။
“အဓိက ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပြီးတော့မှ ဖမ်းဆီးခံရသူတွေကို တစ်ခုခု စစ်ဆေးချင်တယ်ဆိုရင်တောင် အမျိုးသမီးတွေ၊ ရဲမေတွေ၊ အမျိုးသမီးထောင်ဝန်ထမ်းတွေ၊ အမျိုးသမီးတပ်ဖွဲ့ဝင်တွေက ကိုင်တွယ်ရမှာပေါ့နော်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ စာထုတ်ပြီး ရေးထားတဲ့အတိုင်းပဲ အိန္ဒိယက အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အရေးယူပေးဖို့ တောင်းဆိုထားတဲ့အပြင်၊ ဒီအခြေအနေတွေကိုလည်း ကျွန်တော်တို့ အာသံထောင်နဲ့ ပတ်သက်ပြီး လုပ်ပုံကိုင်ပုံတွေကို အစိုးရကို တင်ပြထားတာတော့ ရှိပါတယ်” လို့ ကိုဆလိုင်းဒိုခါက ဆက်ပြောပါတယ်။
India For Myanmar အဖွဲ့အနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းပြုလုပ်ပေးဖို့၊ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ UNHCR အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဒီကိစ္စကို အလေးအနက်ထားပြီး အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဓာတ်ပုံ – Frontline the India ၊ Sabrang Idia
