ရခိုင်မှာ ဥစားကြက်မွေးမြူရေးလုပ်ငန်းတွေ ပြန်လည်ဦးမော့လာ
ရခိုင်မှာ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရတဲ့ ဥစားကြက်မွေးမြူရေးလုပ်ငန်းတွေဟာ တကျော့ပြန် ပြန်လည်ဦးမော့လာနေတယ်လို့ ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး စစ်အုပ်စုက ရခိုင်ကို ကုန်စည်စီးဆင်းမှုတွေ ပိတ်ဆို့လိုက်တာကြောင့် ရခိုင်မှာ ဥစားကြက်မွေးမြူရေးလုပ်ကိုင်ခြင်းတွေ ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကစပြီး ဥစားကြက်မွေးမြူရေးကို တနိုင်တပိုင်ကနေစကာ စီးပွားဖြစ် မွေးမြူသူတွေ ရှိလာနေပါတယ်။
လက်ရှိမှာ ကြက်ဥတစ်လုံးကို ၇၀၀ ကျပ်ကနေ ၈၀၀ ကျပ်အထိ ဈေးနှုန်းရရှိနေပြီး၊ ဒေသတွင်း ကြက်ဥလိုအပ်ချက်အရ ရခိုင်ပြည်အနှံ့ကို ဖြန့်ချိနေရကြောင်း မြောက်ဦးဒေသခံ ကြက်ခြံပိုင်ရှင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကြက်ဥ တစ်လုံးဆိုရင် ပုံမှန် ဖောက်သည်ဈေးက ၆၀၀ အထိရပါတယ်။ လက်ကားဈေးက ၇၀၀၊ ၈၀၀ အသီးသီး ရောင်းချကြပါတယ်။ လက်ရှိမှာတော့ ဒီဘက်မြောက်ပိုင်းမှာဆိုရင် မြောက်ဦးကနေစပြီး ဘူးသီးတောင်၊ ရသေ့တောင်အထိ ရောင်းချရပြီးတော့ တောင်ဘက်မှာဆိုရင် မအီ၊ သံတွဲ စတဲ့ မြို့တွေအထိ ရောင်းချနေရပါတယ်” လို့ သူက ပြောပါတယ်။
ဒါပေမဲ့လည်း ပုံမှန်ဈေးကွက်မရှိတဲ့အတွက် ကြက်ခြံပိုင်ရှင်တွေမှာ ကိုယ်တိုင်ဈေးကွက် ရှာဖွေရခြင်းတွေနဲ့ ဈေးကွက်တွေကို တခြားသူဦးသွားတဲ့ အခါမျိုးတွေမှာ နယ်ဝေးတွေကို လမ်းခရီးစရိတ်များစွာ ကုန်ကျခံကာ သွားရောက်ရောင်းချရခြင်းတွေ ရှိနေတဲ့အတွက် အခက်အခဲတွေရှိနေကြောင်း သိရပါတယ်။
“ကြက်ဥ သွားဖြန့်တဲ့အခါ ကိုယ်က အရင်ဖြန့်နေကျဆိုင်တွေ၊ နေရာတွေကို တခြားသူက ဦးသွားတာမျိုးတွေကြောင့် အခက်အခဲကြုံရတာမျိုးတွေ ရှိတယ်။ ကြက်ဥဆိုတာကလည်း ကြာကြာထားဖို့ကလည်း အဆင်မပြေ၊ ပြန်သယ်လာဖို့ကလည်း အဆင်မပြေတဲ့အခါ ရတဲ့ဈေးတွေနဲ့ ရောင်းခဲ့ရတာမျိုးတွေလည်း ကြုံခဲ့ရပါတယ်” လို့ သူက ဆိုပါတယ်။
ဒ့ါအပြင် ရခိုင်မှာ ကြက်သားဖောက်တဲ့ လုပ်ငန်းမရှိတဲ့အတွက် ကြက်သားပေါက်တွေကို အိန္ဒိယဘက်ကနေ တင်သွင်းနေရပြီး၊ ကာကွယ်ဆေးမထိုးရသေးတဲ့ ကြက်သားပေါက် တစ်ကောင်ကို ကျပ်ငွေ ၁၂၀၀၀ ကနေ ၁၃၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရပါတယ်။
CJ 009
