ဖလမ်းမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တစ်ဦးက အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်း

Author CJ Platform
Categories
Published on Jun 19, 2026

ချင်းပြည်၊ ဖလမ်းမြို့၊ Baila ရပ်ကွက်မှာ စစ်အုပ်စုတပ်သားတစ်ဦးက နေအိမ်အတွင်း ဝင်ရောက်ပြီး အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က အမျိုးသမီးတစ်ဦးတည်း နေအိမ်မှာ ရှိနေချိန် စစ်အုပ်စုတပ်သားတစ်ဦးက နေအိမ်အတွင်း ဝင်ရောက်လာတာ ဖြစ်ပါတယ်။

 

အဲဒီစစ်အုပ်စုတပ်သားဟာ အမျိုးသမီးကို သေနတ်နဲ့ ခြိမ်းခြောက်ခဲ့ပြီးနောက် နေအိမ်ပြင်ပကို အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူဟာ မြို့တွင်းကိစ္စနဲ့ အပြင်ကို ထွက်ခွာနေချိန် ဖြစ်ပါတယ်။

 

“အိမ်မှာ အမျိုးသမီးတစ်ယောက်တည်း ရှိနေချိန်မှာ စစ်ကောင်စီတပ်သားက အိမ်ထဲဝင်လာပြီး သေနတ်နဲ့ ခြိမ်းခြောက်၊ အမျိုးသမီးကို အိမ်အပြင်ဘက် ဆွဲခေါ်သွားပြီး မုဒိမ်းကျင့်ဖို့ ကြိုးပမ်းတာပါ။ အမျိုးသားက စောစောရောက်လာလို့ တော်သေးတယ်” လို့ ဖလမ်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုတပ်သားဟာ အမျိုးသမီးကို ရွာပြင်ရှိ သုသာန်ဘက်ကို ခေါ်ဆောင်သွားပြီးနောက် အဝတ်အစားတွေ ချွတ်ဖို့နဲ့ မလိုက်နာရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူနဲ့ မိသားစုဝင်တွေဟာ နေအိမ်ကို ပြန်ရောက်လာပြီး အမျိုးသမီးကို မတွေ့တာကြောင့် လိုက်လံရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။

 

မိသားစုဝင်တွေရဲ့ ခေါ်သံကို ကြားလိုက်ရတာကြောင့် စစ်အုပ်စုတပ်သားဟာ အမျိုးသမီးရဲ့ ဖုန်းနဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို လုယူကာ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီဖြစ်စဉ် ဖြစ်ပွားပြီးနောက် အမျိုးသမီးနဲ့ မိသားစုဝင်တွေဟာ လုံခြုံရေးအရ စိုးရိမ်ရတာကြောင့် နေရပ်ကနေ စွန့်ခွာကာ အခြားနေရာကို ပြောင်းရွှေ့တိမ်းရှောင်သွားကြရတယ်လို့ သိရပါတယ်။

 

“အမျိုးသမီးနဲ့ မိသားစုဝင်တွေဟာ ဖြစ်ဖြစ်ချင်း နောက်ရက်တွေမှာပဲ ရွာကနေ တခြားနေရာဘက်ကို ပြောင်းရွှေ့သွားကြတယ်။ သူတို့ လုံခြုံရေးအရလည်း ဖြစ်မယ်။ ကျွန်တော်တို့လည်း ဒီဖြစ်စဉ်ကို နောက်မှ ကြားသိရတာပါ။ စိတ်မကောင်းဘူး” လို့ နောက်ထပ် ဖလမ်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီဖြစ်စဉ်ကြောင့် ဖလမ်းမြို့ကို ပြန်လည်ဝင်ရောက်လာတဲ့ ဒေသခံအမျိုးသမီးတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှု မြင့်တက်နေတယ်လို့ သိရပါတယ်။

 

“အိမ်မှာ ရှိနေတာတောင် အိမ်ပေါ်တက်ပြီး သေနတ်နဲ့ ခြိမ်းခြောက် မုဒိမ်းကျင့်ဖို့ လုပ်တာဟာ အင်မတန်မှ အမျိုးသမီးတွေ လုံခြုံမှုမရှိတာကို ပြနေတာပါ။ အခု အမျိုးသမီးတွေ၊ သမီးရှင် မိဘတွေက သူတို့ သမီးတွေအတွက် အင်မတန်မှ စိုးရိမ်နေကြပါတယ်” လို့ ဖလမ်းမြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာ ဖလမ်းမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားပြီး လုံပီး၊ လုံးရန်းရပ်ကွက်တွေနဲ့ မြို့အနီးဝန်းကျင် ကျေးရွာတွေမှာလည်း ကင်းပုန်းတွေကို ချထားတယ်လို့ သိရပါတယ်။

 

CJ 005