စနစ်ကျလွန်းတဲ့ ခံစစ်စုဖွဲ့မှု၊ စနစ်ကျလွန်းတဲ့ အသင်းလိုက်ရွေ့လျားမှုတွေနဲ့ စောင့်ကြည့်ရမယ့် ဂျပန်အသင်း
ကမ္ဘာ့ဖလားပြိုင်ပွဲ ရောက်တိုင်း နာမည်ကြီးအသင်းတွေကို အိပ်မက်ဆိုးတွေ အပေးနိုင်ဆုံးကတော့ ဂျပန်အသင်းပဲ ဖြစ်ပါတယ်။ နယ်သာလန်အသင်းနဲ့ ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စု (F) ရဲ့ အဖွင့်ပွဲစဉ်မှာလည်း ဂျပန်တို့အနေနဲ့ နယ်သာလန်အသင်းရဲ့ နှစ်ကြိမ်တိုင် ဦးဆောင်မှုကို ခံခဲ့ရပေမယ့်၊ အနောက်ကနေ ခြေပဂိုးတွေ လိုက်လံသွင်းယူပြီး အဖိုးတန် သရေတစ်မှတ်ကို ရယူနိုင်ခဲ့ပါတယ်။
ဘောလုံးရရှိနေချိန် (On the ball) အခြေအနေမှာ ခံစစ်သုံးယောက်တန်းပုံစံ (Back 3) ကစားပြီး၊ ဘောလုံးဆုံးရှုံးနေချိန် (Off the ball) အခြေအနေမှာ ခံစစ်ငါးယောက်တန်းပုံစံ (Back 5) ပြောင်းလဲကစားသွားတာဟာ ပြိုင်ဘက်အသင်းတွေအတွက် ဂျပန်အသင်းကို ထိုးဖောက်ဖို့ တော်တော်လေးကို ခက်ခဲစေတာပဲ ဖြစ်ပါတယ်။
ဂျပန်အသင်းရဲ့ တခြားသောအာရှနိုင်ငံတွေနဲ့ မတူညီတဲ့ အရေးအကြီးဆုံး အားသာချက်တစ်ခုကတော့ ဂျပန်အသင်းရဲ့ အဓိကကစားသမား တော်တော်များများဟာ ဥရောပထိပ်တန်းအသင်းတွေမှာ ကစားနေကြတဲ့ ကစားသမားတွေ ဖြစ်နေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ ဂျပန်ကစားသမားတွေဟာ ပွဲအတွင်းက ဖိအားတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်စွမ်း ရှိနေကြတာ ဖြစ်ပါတယ်။
ဂျပန်အသင်းရဲ့ အရန်ခုံတန်းက ကစားသမားတွေကို ကြည့်မယ်ဆိုရင်လည်း ပွဲထွက်ကစားသမားတွေနဲ့ ခြေစွမ်း သိပ်မကွာတော့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၂၀ ဝန်းကျင် လူငယ်သွေးသစ် ကစားသမားအများစုလည်း ပါဝင်တာကြောင့် နည်းပြ မိုရီယာဆု (Moriyasu) အနေနဲ့ မိမိစိတ်ကြိုက် နည်းဗျူဟာ စုံစုံလင်လင် ကစားလာနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းကို အနိုင်ယူပြီး အိမ်ပြန်စေခဲ့တဲ့ ဂျပန်တို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ပြိုင်ဘက်အသင်းတိုင်းက သတိကြီးကြီးထားရမယ့် ဖြတ်မြင်းအသင်းတစ်သင်းထက် ပိုတဲ့ အသင်းတစ်သင်းအဖြစ် တွေ့မြင်ရဖို့ ရှိနေပါတယ်။
