အမရပူရမြို့ဝင်ဂိတ်မှာ စစ်အုပ်စု၊ ရဲနဲ့ ဝန်ထမ်းတွေ ရိုက်နှက်မှုကြောင့် ကားသမား ငါးဦး ဆေးရုံတင်ထားရ
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စစ်ကိုင်း–မြစ်ငယ် ဖြတ်လမ်းပေါ်က မြို့ဝင်ကြေးကောက်ခံရေးဂိတ်မှာ မေလ ၂၉ ရက် နေ့လယ် ၁၂ နာရီခွဲက စစ်အုပ်စုနဲ့ ရဲတွေရဲ့ ရိုက်နှက်မှုကြောင့် ယာဉ်မောင်း ငါးဦး ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့က နေ့လယ် ၁၂ နာရီခွဲမှာ အမရပူရမြို့နယ် မြို့ဝင်ကြေးကောက်ခံရေးဂိတ်ကနေ တွဲကား ၂ စီးကို ရဲတွေက စစ်ဆေးပြီးတဲ့အတွက် မောင်းနှင်သွားရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ခဲနဲ့ လှမ်းပစ်ခဲ့တာလို့ မြို့ခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။
“မြို့ဝင်ကြေးပေးပြီးတော့ တွဲကားကို ရဲတွေက စစ်တယ်။ စစ်ဆေးပြီးတော့ တွဲကားက ပြီးပြီထင်ပြီး ဆက်မောင်းသွားတယ်။ အဲဒါကို စစ်သားတွေက ခဲနဲ့ လှမ်းပစ်တယ်။ လှမ်းပစ်တော့ တွဲကားက နောက်ကြည့်မှန်တွေ ကွဲသွားရော။ ကွဲသွားတော့ ယာဉ်မောင်းတွေရော၊ ယာဉ်နောက်လိုက်တွေရော ဘယ်သူထုလဲဆိုပြီး ကားပေါ်ဆင်းလာတဲ့အချိန် ဝိုင်းရိုက်တာ” လို့ ပြောပါတယ်။
တွဲကား ၂ စီးပေါ်က ဆင်းလာတဲ့ ယာဉ်မောင်း နှစ်ဦးနဲ့ ယာဉ်နောက်လိုက် လေးဦးကို စစ်အုပ်စု၊ ရဲနဲ့ မြို့ဝင်ကြေးကောက်တဲ့ ဝန်ထမ်းတွေက ရာဘာတုတ်၊ ဝါးစိမ်းတုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ကြတာလို့ မြို့အဝင်ဂိတ်အနီးမှာရှိတဲ့ ရွှေကြက်ယက်ရွာခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကားသမားတွေကို ရိုက်တာ စစ်အုပ်စုရော၊ ရဲရော တရားခံတွေရိုက်သလို ရိုက်တာ။ မြို့ဝင်ကြေးကောက်တဲ့ ဝန်ထမ်းတွေလည်း ပါတယ်။ ကားသမားတွေ ခေါင်းကွဲတဲ့သူကွဲ၊ လက်ကျိုးတဲ့သူကျိုးနဲ့ အရိုက်ခံရတဲ့ ခြောက်ယောက်မှာ ငါးယောက် ဆေးရုံတင်ထားရတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူ ယာဉ်မောင်း ခြောက်ယောက်ထဲမှာ တစ်ယောက်ကို အမရပူရမြို့နယ်ဆေးရုံကို တင်ထားပြီး ခေါင်းကွဲ၊ လက်ကျိုးသူတွေကို မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမရပူရမြို့နယ်က စစ်အုပ်စုနဲ့ ရဲတွေက ယာဉ်မောင်းဟာ ယာဉ်ရပ်မပေးလို့ ပြောဆိုရာမှာ အုပ်စုနဲ့ ဝိုင်းလာတာကြောင့် အကြမ်းဖက်နည်းနဲ့ ဖြေရှင်းခံရတာဖြစ်တယ်လို့ တိုင်းအစိုးရကို စာတင်ထားတယ်လို့ သိရပါတယ်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း မြို့ဝင်စစ်ဆေးရေးဂိတ်တွေမှာ စစ်အုပ်စု၊ ရဲ၊ လဝကနဲ့ SB အဖွဲ့တွေက မြို့အဝင်အထွက် ကုန်တင်ကား၊ ခရီးသည်တင်ကားနဲ့ အိမ်စီးကားတွေကို ငွေကြေးတောင်းခံမှုတွေ ရှိပြီး သူတို့သတ်မှတ်ထားတဲ့ ငွေကြေးမရရင် ရိုက်နှက်တဲ့ဖြစ်စဉ်တွေ မြို့နယ်တိုင်းမှာ မကြာခဏ ဖြစ်နေတာပါ။
ဓာတ်ပုံ – လူမှုကွန်ရက်
