မြောက်ဒဂုံမှာ ပလုံကောက်နေတဲ့ သားအမိ နှစ်ဦး ကားတိုက်ခံရပြီး မိခင်ဖြစ်သူ သေဆုံး

Author CJ Platform
Categories
Published on May 30, 2026

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ဦးဝိစာရလမ်းမပေါ်မှာ မေ ၃၀ ရက် မနက်အစောပိုင်းက ပလုံကောက်နေတဲ့ သားအမိ နှစ်ဦး ကားတိုက်ခံရပြီး မိခင်ဖြစ်သူ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ပလုံကောက်ပြီး လက်တွန်းလှည်းနဲ့ အိမ်ကိုပြန်လာစဉ် ဦးဝိစာရလမ်းပေါ်မှာ ကားတစ်စီးက ဝင်တိုက်ခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူ သေဆုံးကာ ကလေးမှာ ဒဏ်ရာရခဲ့တယ်လို့ မြို့ခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မရှိလို့ နေ့ရော ညဘက်ပါ ပလုံကောက်တဲ့ သားအမိ နှစ်ယောက်ပါ။ ပလုံကောက်ပြီး ပြန်လာတဲ့အချိန် ကားတစ်စီးက ဝင်တိုက်သွားတာ။ မိခင်က ဆေးရုံပို့တဲ့အချိန် လမ်းမှာပဲ ဆုံးသွားတယ်။ ကလေးက အခုဆေးရုံမှာ” လို့ ပြောပါတယ်။

 

ယာဉ်တိုက်မှုဖြစ်ပြီးနောက် လူမှုကူညီရေးအသင်းက ကားတွေနဲ့ ရောက်လာပြီး မိခင်ဖြစ်သူရော ကလေးငယ်ပါ ဆေးရုံပို့ပေမယ့် မိခင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်တာကြောင့် လမ်းခုလတ်မှာ သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေး အသင်းဝင် တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အမေဖြစ်သူက လမ်းမှာဆုံးသွားလို့ သင်္ဂြိုဟ်လို့ရအောင် သူ့အိမ်ကို ရုပ်အလောင်း (Dead Body) ပြန်ပေးလိုက်တယ်။ ကလေးက မြောက်ဥက္ကလာဆေးရုံမှာ၊ အမေဖြစ်သူက ဒီနေ့ ကျီစုသုသာန်မှာ သင်္ဂြိုဟ်မှာ” လို့ ပြောပါတယ်။

 

အဲဒီယာဉ်တိုက်မှုမှာ ယာဉ်မောင်းဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

 

ရန်ကုန်တိုင်းအတွင်း မေလအတွင်း ယာဉ်တိုက်မှု ၁၁ ကြိမ်ဖြစ်ခဲ့ပြီး အမျိုးသား ရှစ်ဦး၊ အမျိုးသမီး သုံးဦးနဲ့ ကလေးငယ် တစ်ဦး သေဆုံးခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်း