ရာထူးတိုးပြောင်းရွှေ့ပွဲမှာ သိန်း ၇၀ ကြဲခဲ့တဲ့ ပြင်ဦးလွင်မြို့နယ်စီမံဥက္ကဋ္ဌ စစ်ဆေးခံရ

Author CJ Platform
Categories
Published on May 30, 2026

မြို့နယ်စီမံအုပ်ချုပ်ရေးမှူးကနေ နေပြည်တော်ကို ရာထူးတိုးပြောင်းရွှေ့ပွဲမှာ ငွေကျပ်သိန်း ၇၀ ကြဲခဲ့တဲ့ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးတင်မောင်လွင် စစ်ဆေးခံနေရတယ်လို့ Non-CDM သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

 

မေလ ၂၂ ရက်က လက်ထောက်ညွှန်ကြားရေးမှူးကနေ ဒုညွှန်ကြားရေးမှူး ရာထူးတိုးသွားတဲ့ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးတင်မောင်လွင်က နှုတ်ဆက်ပွဲလုပ်ခဲ့ပြီး အဲဒီပွဲမှာ တစ်သောင်းတန် ၇ အုပ် စုစုပေါင်း သိန်း ၇၀ ကို ဝန်ထမ်းတွေကို ကြဲခဲ့တာလို့ Non-CDM ဝန်ထမ်း တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“နှုတ်ဆက်ပွဲနေ့က သူက အပျော်လွန်ပြီး ပိုက်ဆံကြဲတာကို ဝန်ထမ်း တစ်ယောက်က ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်လိုက်တာ။ အဲဒီဗီဒီယိုက ပျံ့နှံ့ပြီး စစ်ဆေးခံရတာ၊ လက်တလော ရာထူးတိုးကိစ္စလည်း ဆိုင်းငံ့ထားတယ်” လို့ ပြောပါတယ်။

 

ပြင်ဦးလွင်မြို့နယ်မှာ မြေယာကိစ္စတွေ အများဆုံး ကိုင်တွယ်ဖြေရှင်း ဦးဆောင်ရသူ တစ်ဦးဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်လွင်ဟာ ငွေကျပ်သိန်း ၇၀ ကြဲချခဲ့တာ မထူးဆန်းပေမယ့် ဝန်ထမ်းလောကမှာ ပြောစမှတ်ဖြစ်ခဲ့တယ်လို့ မြို့ခံလုပ်ငန်းရှင် တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လက်ထောက်ညွှန်ကြားရေးမှူး လစာက ၄ သိန်းတောင် မပြည့်ဘူး။ ဒါပေမယ့် သူဘာလို့ ဒီလောက်ငွေပမာဏကို ဖြုန်းနိုင်လဲဆိုတော့ ပြင်ဦးလွင်မှာ စီမံဥက္ကဋ္ဌ ဖြစ်ခဲ့လို့ပဲ။ ပြင်ဦးလွင်က မြေယာကိစ္စကို သူပဲ ဖြေရှင်းရတာ၊ လက်မှတ် ၁ ချက် ထိုးပေးတာနဲ့ သိန်းရာနဲ့ချီ ရနေတာ” လို့ သုံးသပ်ပြောဆိုပါတယ်။

 

ပြင်ဦးလွင်မြို့နယ်ဟာ မြေယာဈေးအကောင်းဆုံး မြို့နယ် ၁ ခု ဖြစ်ပြီး မြေ ၁ ကွက် ဈေးနှုန်းဟာ သိန်းထောင်ချီ၊ သောင်းချီတန်တာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးရတဲ့ ၄ နှစ်တာကာလအတွင်း ဦးတင်မောင်လွင်ဟာ အရမ်းချမ်းသာခဲ့တယ်လို့ ထွေအုပ်နဲ့ နီးစပ်သူ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အာဏာသိမ်းပြီး ၂၀၂၂ က ပြင်ဦးလွင်ကို ရောက်လာတဲ့သူပါ။ အဲဒီတုန်းက နိုင်ငံရေးပြစ်မှုတွေဆို အိမ်တွေ ချိတ်ပိတ်တာရှိတယ်။ အဲဒီလိုအခါမျိုးမှာ စစ်အုပ်စုနဲ့ပေါင်းပြီး လုပ်စားတာရှိတယ်။ မြေယာအငြင်းပွားမှု ကိစ္စတွေမှာ ရတာရှိတယ်။ လယ်ယာမြေ အကွက်ရိုက်ရောင်းတဲ့ ကိစ္စတွေ အများကြီးပဲ။ ပြင်ဦးလွင်ကို ရောက်ခါစက သူလိုကိုယ်လိုပဲ၊ အခု အတော်လေး ချမ်းသာသွားပြီ” လို့ ပြောပါတယ်။

 

ဦးတင်မောင်လွင်ဟာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးကနေ ဒုခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုညွှန်ကြားရေးမှူးအဖြစ် မေလ ၂၀ ရက်မှာ ရာထူးတိုးခဲ့ပေမယ့် နှုတ်ဆက်ပွဲမှာ ငွေကျပ်သိန်း ၇၀ ကြဲလိုက်တာကြောင့် စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC