လပွတ္တာမှာ ညွှန်မှူးချုပ်ဆိုပြီး ဒေသခံ တစ်ဦးကို အုပ်ချုပ်ရေးမှူးရာထူးပေးမယ်ဆိုကာ ငွေလိမ်လည်မှုဖြစ်ပွား
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ညောင်လိန်ကျေးရွာအုပ်စု၊ ဓနိချောင်ကျေးရွာမှာ ဒေသခံ တစ်ဦးကို ငွေကြေးလိမ်လည်သူ တစ်ဦးက စစ်အုပ်စုရဲ့ ညွှန်မှူးချုပ်ဆိုကာ လိမ်လည်ဖုန်းဆက်သွယ်ပြီး အုပ်ချုပ်ရေးမှူးရာထူး ပေးမယ်လို့ဆိုကာ ငွေကြေးလိမ်လည်ခဲ့တယ်လို့ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
ဓနိချောင်ကျေးရွာနေ ဦးဇော်နိုင်ဆိုသူကို ငွေကြေးလိမ်လည်သူ တစ်ဦးက မေလ ၂၁ ရက်မှာ သူ့ကိုယ်သူ ညွှန်မှူးချုပ်လို့ဆိုကာ ဖုန်းဆက်သွယ်ပြီး ဦးဇော်နိုင်ကို ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ချင်ရင် ငွေကြေးပေးဆောင်ရမယ်လို့ဆိုကာ ဆက်သွယ်ပေမယ့် ဦးဇော်နိုင်က အုပ်ချုပ်ရေးမှူး မလုပ်ချင်ဘူးလို့ ပြန်လည်အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဦးဇော်နိုင်ဆီ ငွေကြေးလိမ်လည်သူက ထပ်မံဆက်သွယ်လာပြီး စစ်အုပ်စုဆီမှာ စစ်သားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးဇော်နိုင်ရဲ့သားဖြစ်သူ ဒဏ်ရာရရှိမှုကို နစ်နာကြေးရရှိရေး ဆောင်ရွက်ပေးမယ်၊ ပုသိမ်တပ်ကို ပြန်လည်ပြောင်းရွှေ့ရအောင် ဆောင်ရွက်ပေးမယ်လို့ဆိုကာ ငွေကြေးတောင်းခံတာကြောင့် ကျပ်ငွေ ၃၆ သိန်းကို WavePay နဲ့ KPay တို့ကနေတစ်ဆင့် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ငွေကြေးလက်ခံရရှိပြီးနောက် ညွှန်မှူးချုပ်အယောင်ဆောင် လိမ်လည်သူက ဦးဇော်နိုင်ကို ပုသိမ်မြို့မှာ တွေ့ဆုံမယ်လို့ဆိုပြီးနောက် ထပ်မံဆက်သွယ်လို့ မရတော့တာကြောင့် ဦးဇော်နိုင်က လပွတ္တာမြို့မရဲစခန်းကို အကြောင်းကြားခဲ့ရာကနေ ငွေကြေးလိမ်လည်ခံရတာ ဖြစ်တယ်ဆိုတာကို သိရှိပြီးနောက် လပွတ္တာမြို့မရဲစခန်းက (ပ) ၂၆/၂၀၂၆၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဂ) တို့နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်းမှာ အွန်လိုင်းစလော့ဂိမ်းတွေနဲ့ ငွေကြေးလိမ်လည်မှုတွေဟာ ပိုမိုများပြားလာနေခဲ့ပြီး ကျားဖြန့်လုပ်ငန်း အများစုဟာ စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ စိုးမိုးရာဒေသတွေမှာ အခြေစိုက်ပြီး လိမ်လည်မှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
