တပြင်းစစ်ကြောင်းကို ပေါက်အခြေစိုက် ကပစ ၂၄ က ထွက်လာတဲ့ အင်အား ၈၀၀ ဝန်းကျင် စစ်ကြောင်းနဲ့ အင်အားထပ်ဖြည့်၊ ကာမီကာဇေ အသေခံဒရုန်းများပါ တပ်ဆင်လာ

Author CJ Platform
Categories
Published on May 22, 2026

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် တပြင်းကျေးရွာကို စစ်အုပ်စုရဲ့ ပေါက် ကပစ ၂၄ မှ အင်အား ၅၀၀ ဝန်းကျင် ပထမစစ်ကြောင်းဟာ မေလ ၁၄ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီးနောက် ယခု အင်အား ၈၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းက ထပ်မံ အင်အားဖြည့်တင်းလာနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

အဲဒီစစ်ကြောင်းကို မေလ ၁၆ ရက်က ကျောက်ပန်းတောင်းမှ စစ်ကား ၁၂ စီး၊ ပခုက္ကူ တပ်မ ၁၀၁ မှ စစ်ကား ၃၆ စီး၊ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ မှ စစ်ကား ၃၀ စီး စုစုပေါင်း စစ်အုပ်စုတပ်သားအပါအဝင် ပြည်သူ့စစ်မှုထမ်းတပ်သားအင်အား ၈၀၀ ဝန်းကျင်ခန့်နဲ့ အားဖြည့်ထားတာလို့ သိရပါတယ်။

 

အင်အားများပြားလွန်းတဲ့ စစ်ကြောင်းနဲ့အတူ ကာမီကာဇေ အသေခံဒရုန်းတွေကို ကားတစ်စီးနဲ့ သယ်ဆောင်လာပြီး RPG၊ စနိုက်ပါစတဲ့ အဆင့်မြင့်လက်နက်တွေကိုလည်း တပ်ဆင်လာတယ်လို့ စစ်ကြောင်းလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

 

“တပြင်းက စစ်ကြောင်းက ရှေ့မတိုးနိုင်သေးဘူး။ တပ်ကူလာတာပေါ့ဗျာ။ သာလွန်အင်အား၊ သာလွန်လက်နက်သုံးတဲ့အပြင် တစ်ခုခုဆို လေယာဉ်က လာကြဲသေးတာ။ အရှက်မရှိကြဘူး” လို့ ‌တပြင်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

မေလ ၁၄ ရက်က တပြင်းကျေးရွာ ရောက်ရှိလာတဲ့ စစ်ကြောင်းဟာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်က Y12၊ ဒရုန်း၊ လေကြောင်း အသုံးပြုတိုက်ခိုက်တာတွေ ရှိပေမယ့် စစ်အုပ်စုတပ်တွေဟာ အထိနာပြီး ရှေ့ဆက်တက်လာနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

 

အဲဒီစစ်ကြောင်းတွေဟာ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားတွေကို ပိုမိုအသုံးချလာပြီး အဆင့်မြင့်နည်းပညာနဲ့ တရုတ်ထုတ်ဒရုန်းတွေကိုပါ အသုံးပြုကာ ချင်းပြည်တောင်ပိုင်းကို ပြန်လည်ရယူဖို့ ယော‌‌‌ဒေသမှာ စုဖွဲ့ထိုးစစ်ဆင်နေကြတာ ဖြစ်ပါတယ်။

 

စစ်အုပ်စုတပ်က ပခုက္ကူခရိုင်အနောက်ဘက်က မြို့နယ်တွေကို ဖြတ်လေးဖြတ် ပြုလုပ်နေပြီး ချင်းနဲ့ ရခိုင်ကို ကုန်စည်စီးဆင်းနေတဲ့ ဆောမြို့နယ်လည်း ပါဝင်တာကြောင့် စစ်အုပ်စုက ယောဒေသနဲ့ ချင်းပြည်ကို ဘက်ပေါင်းစုံက ဖိအားပေး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

 

အခုလို စစ်အုပ်စုတပ်က အဘက်ဘက်က ဖိအားပေး ထိုးစစ်ဆင်လာတာကြောင့် ယော‌‌ဒေသရှိ ‌ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ‌‌ဒေသခံပြည်သူတွေဟာ စည်းလုံးညီညွတ်မှုအား၊ အချင်းချင်း ရိုင်းပင်းကူညီမှုတွေနဲ့ တောင့်ခံထားကြဖို့ လိုတယ်လို့ ‌ဒေသခံကာကွယ်‌ရေးတပ် စစ်ရေးသတင်းအရင်းအမြစ်က ‌ပြောပါတယ်။

 

“ပိုစည်းလုံးကြဖို့ပါပဲ။ ဒီအချိန်မှာ အမြင်တူတူ မတူတူ ကူသင့်တာကူပြီး တောင့်ခံကြရပါမယ်။ ဒီတော်လှန်ရေးဟာ လူငယ်၊ လူကြီး အားလုံးနိုင်ရာက ပါဝင်ဖို့ လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။

 

ယောဒေသနဲ့ ထိစပ်နေတဲ့ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ်မှာလည်း စစ်ရေးပြင်းထန်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့ပေါ်တွေကို စစ်အုပ်စုက နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

 

စစ်အုပ်စုတပ်ရဲ့ ယောမှချင်း၊ ချင်းမှ ရခိုင်ပြည်အထိ ထိုးစစ်ဆင်နိုင်တာကြောင့် ယောဒေသမှာ လချီကြာတဲ့ တိုက်ပွဲတွေ ဆင်နွှဲလာရနိုင်ပြီး ‌‌ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ ဒေသခံကာကွယ်ရေးတပ်တွေက နှိုးဆော်ထားကြပါတယ်။

 

ဓာတ်ပုံ – Yaw Army Info

ပုံစာ – ယောဒေသကို ခုခံကာကွယ်နေတဲ့ တော်လှန်ရေးအင်အားစုများကို မြင်ရပုံ