ငွေနဲ့အာဏာမက်ပြီး တောထဲတွင် မင်းမူပါက တော်လှန်ရေးသက်တမ်း ရှည်ကြာတတ်ကြောင်း RCSS ဥက္ကဋ္ဌ သတိပေး
တော်လှန်ရေးအဖွဲ့အစည်းများအတွင်း ငွေကြေးနဲ့ အာဏာရှိလာတဲ့အခါ မာနထောင်လွှားပြီး တောထဲမှာ သခင်လို မင်းမူလာခြင်း၊ နယ်မြေနဲ့ စီးပွားရေးအတွက် အချင်းချင်း ပြန်လည်တိုက်ခိုက်ခြင်းတို့ဟာ တော်လှန်ရေးခရီးကို အဓွန့်ရှည်ကြာစေတဲ့ အဓိကအကြောင်းရင်းများဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က သတိပေးလိုက်ပါတယ်။
ဒီကနေ့ မေလ ၂၁ ရက်မှာ ကျရောက်တဲ့ (၆၈) နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ သူက အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး တော်လှန်ရေးဆိုတာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတည်းနဲ့သာ သက်ဆိုင်တာမဟုတ်ဘဲ ရန်သူရဲ့ ပင်လုံကတိကဝတ်၊ ပင်လုံစာချုပ်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ စော်ကားခြင်းတို့ကြောင့် ပြည်သူလူထု အတိဒုက္ခရောက်ရတာကြောင့် တော်လှန်ရခြင်းဖြစ်ပြီး ပြည်သူလူထုအနေနဲ့လည်း တာဝန်ကိုယ်စီရှိတယ်လို့လည်း အလေးအနက် ဆိုထားပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်က ၎င်းတို့ ရှမ်းတော်လှန်ရေး ၆၈ နှစ်တာ ဖြတ်သန်းမှုကို ပြန်လည်သုံးသပ်ပြရာမှာ အချို့သော ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေဟာ ရန်သူ့အပေါ် မုန်းတီးရေးစိတ်ဓာတ် တစ်ခုတည်းကိုသာ အခြေခံပြီး တော်လှန်ရေးနည်းပညာနဲ့ မဟာဗျူဟာတွေကို တတ်သိနားလည်မှုမရှိခြင်း၊ ရေရှည်တည်တံ့တဲ့ ရည်မှန်းချက်မရှိခြင်းတို့ကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့ရချိန် မဖြေရှင်းတတ်ဘဲ လမ်းပျောက်လေ့ရှိတယ်လို့လည်း ထောက်ပြပြောဆိုထားပါတယ်။
တော်လှန်ရေးလုပ်ငန်းအရပ်ရပ်အတွက် ငွေကြေးလိုအပ်တာကြောင့် ငွေရှာကြရာမှ ငွေနဲ့ အာဏာရရှိလာတဲ့အခါ တောထဲတွင် မင်းမူလာကြပြီး အမျိုးသားရေးကို အဓိကမထားတော့ဘဲ မိမိတို့အဖွဲ့အရေးကိုသာ ရှေ့တန်းတင်ကာ ဒေသစွဲ၊ ဂိုဏ်းစွဲတွေဖြစ်လာပြီး အချင်းချင်း ထိပ်တိုက်တွေ့ဆုံဆွေးနွေးခြင်းမရှိဘဲ ပြန်လည်တိုက်ခိုက်ကြခြင်းဟာ တော်လှန်ရေးကို အဓွန့်ရှည်ကြာမြင့်စေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စနစ်တကျ လေ့လာသင်ယူထားတဲ့ မဟာဗျူဟာမရှိဘဲ ဗမာစစ်တပ်မုန်းတီးမှုသက်သက်ဖြင့် သွားပါက ရန်သူက နိုင်ငံရေး၊ စည်းရုံးရေးမက်လုံးတွေနဲ့ ကစားလာတဲ့အခါ ရန်သူ့ထံ လက်နက်ချသွားခြင်း၊ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းကာ ရန်သူ့အတွက် မျက်စိ၊ နားသဖွယ် အသုံးချခံဘဝကို ရောက်ရှိသွားခြင်းတွေ ရှိခဲ့ကြောင်း သတိပေးပြောဆိုထားပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်မှာ ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်က မျိုးချစ်လူငယ် ၃၁ ဦး၊ သေနတ် ၇ လက်ဖြင့် စဝ်နွဲ့ (ခေါ်) စောယန်တက ဦးဆောင်ကာ “နွံစစ်ဟန်” အမည်ရှိ ရှမ်းတော်လှန်ရေးတပ်ကို စတင်ဖွဲ့စည်းခဲ့ရာမှ ဒီကနေ့အထိ ၆၈ နှစ်တိုင် ခရီးရှည်ခဲ့ခြင်းဖြစ်ပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အခြားနိုင်ငံတွေမှာ တော်လှန်ရေးအောင်ပွဲရရှိခြင်းဟာ ခိုင်မာတဲ့ အဓိဋ္ဌာန်နဲ့ ရည်မှန်းချက်တွေကြောင့် ဖြစ်တာကြောင့် အတိတ်က အမှားတွေကို သင်ခန်းစာရယူကာ အတွေးအခေါ်နဲ့ လုပ်နည်းလုပ်ဟန်တွေကို ပြင်ဆင်ကြရန်၊ အချင်းချင်း အပြစ်မတင်ဘဲ နိုင်ငံရေး၊ စစ်ရေးမဟာဗျူဟာတွေကို လေ့လာသင်ယူကြဖို့ (၆၈) နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
