ပေါင်မြို့နယ်မှာ စစ်မှုထမ်းငွေကြေးကိစ္စနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက်ကို အနားပေး

Author CJ Platform
Categories
Published on May 20, 2026

မွန်ပြည်၊ ပေါင်မြို့နယ်မှာ မေလ ၁၈ ရက်က စစ်မှုထမ်းငွေကြေးကောက်ခံသည့်ကိစ္စနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို အနားပေးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

စစ်မှုထမ်းကိစ္စ၊ ငွေကြေးအလွဲသုံးစားပြုသည့်ကိစ္စတွေနဲ့ ပြည်သူတွေက ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို တိုင်တာကြောင့် ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဦးကို အနားပေးလိုက်တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရပ်ကွက်နေသူတွေကို ဆဲတာဆိုတာရှိသလို စစ်မှုထမ်းကြေးကောက်တဲ့ငွေတွေ အလွဲသုံးစားလုပ်ပြီး ရပ်ကွက်ထဲက လူငယ်တွေကို ငွေယူပြီး စစ်ထဲထည့်လို့ ဝိုင်းတိုင်ကြတာ။ အဲဒါကြောင့် အရေးယူတာ။ ဒါတောင် လေးလလောက်ကြာတယ်၊ အခုမှ ဖြုတ်ပစ်တာ” လို့ ပြောပါတယ်။

 

ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဦးဟာ အခုနှစ် ဇန်နဝါရီလက ​မြေအရောင်းအဝယ်ပွဲတစ်ခုတွင် မြေရှင်က အရောင်းအဝယ်စာချုပ်ကို ရှေ့နေနဲ့ လက်မှတ်ထိုးထားတဲ့ စာချုပ်ဆုတ်ဖြဲခဲ့တဲ့အတွက် အမှုရင်ဆိုင်နေရတယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အရမ်းလူပါးဝတဲ့ အုပ်ချုပ်ရေးလုပ်လို့၊ သူနဲ့ စာချုပ်မချုပ်ရင် ပြဿနာရှာတာ။ ၁ လပိုင်းတုန်းက မြေအရောင်းတစ်ခုမှာ သူ မသိဘဲ ရှေ့နေနဲ့ စာချုပ်ချုပ်လို့ဆိုပြီး စာချုပ်တွေ ဆွဲဖြဲတယ်။ အဲဒီကိစ္စလည်း အမှုရင်ဆိုင်နေရတယ်” လို့ ရှင်းပြပါတယ်။

 

မွန်ပြည်မှာ စစ်မှုထမ်းကိစ္စနဲ့ ပထမဦးဆုံး တာဝန်က အနားပေးခံရသူမှာ ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး စစ်အုပ်စုက ဥပဒေအရ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news