ပုလောမှာ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုကြောင့်  အထက်တန်းကျောင်းဆောင် နှစ်ဆောင် ပျက်စီး

Author CJ Platform
Categories
Published on May 14, 2026

တနင်္သာရီတိုင်း၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေထဲက မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား (ပုလော) မြို့နယ်က ကျေးရွာတစ်ရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင် နှစ်ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ Karen National Union က ဒီကနေ့ မေလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

 

မနေ့ မေလ ၁၃ ရက် မနက် ၉ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ စစ်အုပ်စုက လယ်မူလား (ပုလော) မြို့နယ်က တကူကျေးရွာအုပ်စုအတွင်းကို ဂျက်ဖိုက်တာ (Jet Fighter) လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာအတွင်းက အထက်တန်းပြစာသင်ကျောင်းမှ ကျောင်းဆောင် နှစ်ဆောင် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

 

စစ်အုပ်စုဟာ နိုင်ငံတကာမှာ တရားဝင်မှုရရှိရန် အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေပေမယ့် မြေပြင်မှာ အရပ်သားပြည်သူတွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိတယ်လို့ KNU က ထောက်ပြထားပါတယ်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စိုးရိမ်ပူပန်မှု ထုတ်ဖော်ပြသရုံထက် ပိုပြီး လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းလုပ်ဆောင်ဖို့ KNU က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဆက်လက်ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့ ထိရောက်တဲ့ တားဆီးကာကွယ်မှုတွေ မလုပ်ဆောင်ဘဲ နှုတ်ဆိတ်နေခြင်းဟာ အကြမ်းဖက်မှုတွေကို ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာစေရန်အတွက် အားပေးကူညီရာရောက်တယ်လို့လည်း ဆိုထားပါတယ်။

 

ဓာတ်ပုံ – KNU