အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ အိမ်ထောင်မပြုသူဦးရေ များလာ
ရန်ကုန်တိုင်းအတွင်း အိမ်ထောင်မပြုတဲ့ လူဦးရေများပြားကြောင်း မေလ ၁၂ ရက်က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းအရ သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း စုစုပေါင်းလူဦးရေ ၇ ဒသမ ၃၇ သန်းရှိပြီး အမျိုးသမီး ၃ ဒသမ ၉၇ သန်းနဲ့ အမျိုးသား ၃ ဒသမ ၄၀ သန်းရှိကာ တိုင်းအဆင့်မှာသာမက ခရိုင် ၁၄ ခရိုင်လုံးမှာ အမျိုးသမီးဦးရေ ပိုမိုများပြားသည်ကို တွေ့ရှိရကြောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်တွေအရ ရန်ကုန်တိုင်းရှိ အသက် ၁၀ နှစ်နဲ့အထက် လူဦးရေရဲ့ အိမ်ထောင်ရေးအခြေအနေကို ကျား/မအလိုက် ဆန်းစစ်ရာမှာ အမျိုးသား ၄၀ ဒသမ ၈ ရာခိုင်နှုန်းမှာ လူပျိုတွေဖြစ်ပြီး ၅၃ ရာခိုင်နှုန်းဟာ အိမ်ထောင်ရှိသူတွေဖြစ်ကာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ မုဆိုးဖိုများဖြစ်၍ သာသနာ့ဘောင်ဝင်ရောက်သူ ၂ ဒသမ ၃ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီး လူငယ်တွေမှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အိမ်ငှားခနဲ့ အထွေထွေကုန်ကျစရိတ်တွေကြောင့် အိမ်ထောင်ရေးဘက်ကို ဦးစားမပေးနိုင်ဘူးလို့ ရန်ကုန်မြို့ခံလူငယ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“စစ်တပ်အာဏာသိမ်းပြီးတော့ လူငယ်တွေက လမ်းစပျောက်သွားတယ်။ ရတဲ့လစာနဲ့ ကုန်ကျစရိတ် မကာမိဘူး၊ ရှိနေတဲ့အလုပ်လေး မပျောက်အောင် ကြိုးစားနေရတယ်။ ကိုယ့်ရှေ့မှာ အိမ်ထောင်ပြုပြီး ဒုက္ခရောက်နေတာတွေတွေ့တော့ ကိုယ့်ချစ်တဲ့ မိန်းကလေးကိုလည်း ဒုက္ခတွင်းထဲ ဆွဲမခေါ်ရက်ဘူး။ အဲဒါကြောင့် အိမ်ထောင်ပြုဖို့ဆိုတာ အတော်လေး စဉ်းစားရတယ်” လို့ ပြောပါတယ်။
အလားတူပင် အမျိုးသမီး ၄၀ ဒသမ ၅ ရာခိုင်နှုန်းမှာ အပျိုများဖြစ်ပြီး ၄၇ ဒသမ ၂ ရာခိုင်နှုန်းမှာ အိမ်ထောင်ရှိသူများဖြစ်၍ အမျိုးသမီး ၉ ဒသမ ၈ ရာခိုင်နှုန်းသည် မုဆိုးမများဖြစ်ကာ အမျိုးသား မုဆိုးဖိုရာခိုင်နှုန်းထက် သိသာစွာ မြင့်မားနေတယ်လို့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ သိရပါတယ်။
ခေတ်စနစ်အရ ယိုယွင်းပျက်စီးနေသောကာလတွင် ခင်ပွန်းဖြစ်သူ သေဆုံးသွားသော အမျိုးသမီးတစ်ဦး နောက်အိမ်ထောင်ပြုရန် အတော်လေး စဉ်းစားရတယ်လို့ Single Mother တစ်ဦးက CJ Platform ကို ပြောပါတယ်။
“နောက်အိမ်ထောင်က ကိုယ့်မှာပါတဲ့ သားသမီးတွေအပေါ် ဖခင်မေတ္တာဘယ်လောက်အထိ ပေးနိုင်မလဲ၊ ကိုယ့်ကို သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့်သူလား၊ အစပိုင်းတော့ ကိုယ့်ကို ချစ်တယ်ပြောပြီး နောက်ပိုင်း ရိုက်နှက်နှိပ်စက်မယ့်သူလားဆိုတာ ကျွန်မတို့ မိန်းမသားတွေအနေနဲ့ အများကြီး စဉ်းစားရတယ်။ ကိုယ်က မှီချင်လို့ နောက်အိမ်ထောင်ပြုတယ်ဆိုပေမယ့် ကိုယ်က မမှီရဘဲ သူက ကိုယ့်ကို မှီနေရင် ဘယ်လိုလုပ်မလဲ၊ ကိုယ့်သားသမီးတွေနဲ့ လုပ်ကိုင်စားသောက်မှာပေါ့” လို့ သုံးသပ်ပြောဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စစ်မှုထမ်းဆင့်ခေါ်မှုတွေကြောင့် လူငယ်အများစုမှာ အချစ်ရေးနဲ့ အိမ်ထောင်ရေးကို စိတ်မဝင်စားနိုင်သည့်အပြင် နိုင်ငံရပ်ခြားကို ထွက်ခွာသူလည်း များပြားပါတယ်။
