မန္တလေးမှာ လူငယ်တွေကို စစ်ထဲရောင်းစားတဲ့ အုပ်ချုပ်ရေးမှူးတွေကို တိုင်ပေမယ့် အရေးမယူ
မန္တလေးမှာ အလုပ်အကိုင်ရှာဖွေတဲ့ လူငယ်တွေကို အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအတွက် ရောင်းစားတဲ့ကိစ္စကို စစ်တပ်ထဲရောက်သွားတဲ့ လူငယ်တွေက တိုင်ကြားပေမယ့် အရေးယူတာ မရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၂၀ မှာ ပြည်ကြီးတံခွန်မြို့နယ်က မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနဲ့အဖွဲ့က လူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဆီ သိန်း ၁၃၀ နဲ့ ရောင်းစားခဲ့ပြီး မတ်လ ၃ ရက် အပတ်စဉ် ၂၀ သင်တန်းဆင်းပြီး တောင်တွင်းကြီးအခြေစိုက် အမှတ် ၇ စစ်အခြေခံသင်တန်းကျောင်းကနေ အဆိုပါလူငယ် ၂ ဦးက တိုင်ခဲ့တယ်လို့ ဖြစ်စဉ်သိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အပတ်စဉ် ၂၀ မှာ သင်တန်းဆင်းတဲ့ တပ်သား ၂ ယောက်က ပြည်ကြီးတံခွန်မြို့နယ်ဥက္ကဋ္ဌက သူတို့ ၂ ယောက်ကို သိန်း ၁၆၀ နဲ့ ရောင်းစားလိုက်လို့ တိုင်းနဲ့ခရိုင်ကို တိုင်ထားတယ်။ အခုထိ စစ်ဆေးတာတော့ မရှိဘူး” လို့ ပြောပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၁၈ က စစ်ကိုင်းကနေ စစ်ဘေးရှောင်ပြီး မန္တလေးမှာ အလုပ်လုပ်နေတဲ့ ကိုအောင်မျိုးထိုက်ကို အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က အလုပ်ရှာပေးမယ်ဆိုပြီး ရုံးကိုခေါ်ကာ စစ်တပ်ဆီရောင်းစားတဲ့ကိစ္စလည်း တိုင်ခံထားရတယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မင်းတဲအီကင်းအုပ်ချုပ်ရေးမှူးက အပတ်စဉ် ၄ ကတည်းက စစ်ရှောင်တဲ့လူငယ်တွေ၊ အလုပ်လာရှာတဲ့လူငယ်တွေကို ရောင်းစားနေတာ။ သူရောင်းစားလိုက်လို့ သင်တန်းဆင်းပြီး အမှတ် ၂ ရုပ်သံထုတ်လွှင့်ရေးတပ် ရောက်သွားတဲ့ တပ်သားတစ်ဦးက သူ့ကို တိုင်ထားတယ်” လို့ ပြောပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၁၇ ကလည်း မိခင်ဖြစ်သူ ကျန်းမာရေးအတွက် ဆေးဖိုးလိုအပ်နေလို့ မန္တလေးမှာ အလုပ်လာလုပ်တဲ့ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်က ထူးလယ်မှူးဆိုသူကို မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဝင်းက ပိုက်ဆံပိုရမယ့်အလုပ် ရှာပေးမယ်ဆိုကာ စစ်တပ်ကို ရောင်းစားလိုက်လို့ တိုင်ထားတယ်လို့ ဖြစ်စဉ်ကိုသိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မင်းအမေ ဆေးကုဖို့အတွက် ငွေအလုံအလောက်ရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက ဗထူးတပ်ကို ရောင်းစားလိုက်တာ။ အပတ်စဉ် ၁၇ ကပါ။ သူ့အမေက သူ့သားသတင်းကြားပြီး သေသွားတယ်။ ကောင်လေးက သူ့ကို ရောင်းစားတဲ့ အုပ်ချုပ်ရေးမှူးကို တိုင်ထားတယ်” လို့ ပြောပါတယ်။
စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ထဲရောက်သွားတဲ့သူတွေကိုယ်တိုင် သင်တန်းဆင်းပြီးနောက် သူတို့ကို အုပ်ချုပ်ရေးမှူးတွေက လူစားထိုးရောင်းစားတာဆိုပြီး တိုင်းစစ်ဌာနချုပ်အပါအဝင် ခရိုင်နဲ့ မြို့နယ်ကို တိုင်ကြားပေမယ့် တိုင်စာလက်ခံတဲ့ဌာနက တိုင်ကြားခံရသူတွေကို အကြောင်းကြားပေးနေတာကြောင့် အရေးယူနိုင်ခြင်း မရှိဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“တိုင်စာလက်ခံတဲ့ဌာနက အတိုင်ခံရတဲ့သူတွေကို ဖုန်းဆက်ပြောတာ၊ တိုင်စာထဲမှာပါတဲ့ အချက်အလက်တွေကို မိတ္တူဆွဲပေးနေတော့ အတိုင်ခံရတဲ့သူက ကြိုတင်ပြင်ဆင်ချိန် ရသွားရော။ တကယ်တမ်းဖြေရှင်းတော့ တိုင်စာကနေ ပစ်စာဖြစ်သွားရော” လို့ ရှင်းပြပါတယ်။
စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး ငွေကြေးကောက်ခံတာ၊ လူအစားထိုးတာတွေရှိရင် တိုင်ကြားနိုင်တယ်လို့ စစ်အုပ်စုဘက်က ပြောဆိုထားသလို ပေါ်တာဆွဲဖမ်းဆီးမှုများ မရှိကြောင်းလည်း ဒီကနေ့အထိ စစ်အုပ်စုက ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ဥပဒေထုတ်ပြန်ခဲ့ပြီး မတ်လ ၃၀ ရက်မှာ စစ်မှုထမ်းအပတ်စဉ် ၁ ကို စတင်ခေါ်ယူခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်ပြီဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
