နေရွှေဝင်းစက်ရုံက အလုပ်သမား ၁၀၀ ကျော်ကို ထပ်ပြီး အလုပ်ထုတ်
နေရွှေဝင်းအထည်ချုပ်စက်ရုံမှ သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ်လိုက်တာကို ကန့်ကွက်တဲ့ အလုပ်သမား ၁၀၀ ကျော်ကိုပါ ထပ်ပြီး အလုပ်ထုတ်လိုက်တယ်လို့ အဲဒီစက်ရုံက အလုပ်သမားတွေဘက်က ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။
အဲဒီစက်ရုံမှာ လုပ်ငန်းအခြေအနေအရဆိုပြီး အလုပ်သမား ၁၉ ဦးကို အလုပ်ထုတ်ခဲ့ပြီး အဲဒီထဲမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် ၁၀ ဦး ပါဝင်နေခဲ့လို့ သူတို့ကို လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပေးဖို့ ကျန်တဲ့ သမဂ္ဂအဖွဲ့ဝင်အလုပ်သမားတွေက မေလ ၁၁ ရက်မှာ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
စက်ရုံဘက်က အလုပ်သမားတွေရဲ့ တောင်းဆိုတာကို လက်မခံတဲ့အပြင် ကန့်ကွက်ခဲ့ကြတဲ့ အလုပ်သမား ၁၀၃ ဦးကိုပါ ထပ်ပြီး အလုပ်ထုတ်လိုက်တယ်လို့ STUM က ဆိုပါတယ်။
“စက်ရုံဘက်က ရည်ရွယ်ချက်ရှိရှိ သမဂ္ဂဖြိုခွဲတဲ့လုပ်ရပ်လို့ ယူဆတယ်။ သမဂ္ဂအဖွဲ့ရှိတာကို မလိုလားဘူးဆိုတာ ပေါ်လွင်တယ်” လို့ အလုပ်ထုတ်ခံရတဲ့အထဲ ပါဝင်နေသူတစ်ဦးက ပြောပါတယ်။
စက်ရုံအလုပ်ရှင်ဘက်က တောင်းဆိုမှုပြုလုပ်ခဲ့ကြတဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင်ထဲ မဝင်ရောက်လိုတဲ့သူတွေဆိုပြီး မေလ ၁၂ ရက်ကစလို့ စက်ရုံခြံဝန်းအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း စာထုတ်အသိပေးထားတာ ဖြစ်ပါတယ်။
နေရွှေဝင်းစက်ရုံမှာ အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းဖို့ သမဂ္ဂအဖွဲ့ဝင်တွေမှ မတ်လနောက်ဆုံးအပတ်က မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနဆီ တင်ပြခဲ့ပြီး ဌာနက ခွင့်ပြုပုံစံ ချမပေးဘဲ အဖွဲ့အစည်းထဲပါသူတွေရဲ့ စာရင်းကို အလုပ်ရှင်ဆီ ပေးပို့ခဲ့လို့ အခုလို အလုပ်ထုတ်တဲ့ဖြစ်ရပ်တွေ ရှိလာတာဖြစ်ကြောင်း အလုပ်သမားတွေက ပြောပါတယ်။
အခုလုပ်ရပ်မှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ပြဋ္ဌာန်းချက်အမှတ် ၈၇ (အသင်းအပင်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်) ကို ချိုးဖောက်တာလို့ STUM က ဆိုပါတယ်။
နေရွှေဝင်းစက်ရုံမှာ အလုပ်သမား ၇၀၀ နီးပါး လုပ်ကိုင်နေပြီး နိုင်ငံတကာအမှတ်တံဆိပ်တွေဖြစ်တဲ့ Terranova၊ LC Waikiki၊ Defacto၊ Sky Fashion၊ Calliope၊ GEMO၊ Pimkie၊ Only စတာတွေကို ချုပ်လုပ်နေတာလို့ အလုပ်သမားတွေဆီက သိရပါတယ်။
ဓာတ်ပုံ – STUM
