ရန်ကုန်မှာ လူကူးမျဉ်းကြားက မကူးသူတွေ ဒဏ်ငွေ ၃ သောင်း ပေးရမယ်

Author CJ Platform
Categories
Published on May 09, 2026

ရန်ကုန်တိုင်းမှာ မေလ ၁၄ ရက်ကစပြီး လူကူးမျဉ်းကြားက မကူးသူတွေ ဒဏ်ငွေ ၃ သောင်း ပေးရမယ်လို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

မေလ ၆ ရက် မနက်က ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှာ ပြုလုပ်တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ခုံးကျော်တံတားများ စနစ်တကျအသုံးပြုရေး အစည်းအဝေးမှာ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

“ယာဉ်အန္တရာယ်ကင်းရှင်းတဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေမှာ လမ်းဖြတ်ကူးရင် လူကူးမျဉ်းကြားက ကူးရမယ်၊ မြေအောက်လမ်းရှိရင် မြေအောက်လမ်းက ကူးရမယ်၊ ခုံးကျော်တံတားရှိရင် ခုံးကျော်တံတားကနေ ကူးရမယ်၊ သတ်မှတ်တဲ့နေရာကနေ ကူးရမယ်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ အဲဒီအတွက် ရန်ကုန်နေပြည်သူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ သွားလာဖို့၊ လမ်းဖြတ်ကူးရင် လူကူးမျဉ်းကြားတွေကနေ ကူးဖို့၊ လမ်းမြင်ကွင်းရှင်းလင်းတဲ့နေရာ၊ ခုံးကျော်တံတားရှိရင် တံတားပေါ်ကနေ ကူးရမှာ၊ မလိုက်နာဘူးဆိုရင် ဥပဒေပါ ပုဒ်မအရ ဒဏ်ကြေးငွေ ၃၀,၀၀၀ ပေးဆောင်ရမှာ ဖြစ်တယ်” လို့ ပြောဆိုခဲ့တာပါ။

 

ပြည်သူတွေ လူကူးမျဉ်းကြားက ကူးနိုင်ရေး ယာဉ်မောင်းတွေအနေနဲ့ အရှိန်လျှော့မောင်းရန် လိုအပ်သလို မီးပွိုင့်တွေမှာ မီးနီ၊ မီးဝါ၊ မီးစိမ်း အချက်ပြမီးတွေကိုလည်း အရင်ဆုံး ပြုပြင်သင့်တယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ဝေဖန်ပြောဆိုပါတယ်။

 

“ပြည်သူက လူကူးမျဉ်းကြားက မကူးလို့ အရေးယူမယ်ဆို လူကူးမျဉ်းကြားက ကူးတဲ့အချိန် အရှိန်မလျှော့ဘဲ မောင်းတဲ့ကားတွေကိုလည်း အရေးယူသင့်တယ်။ ပြီးတော့ မီးပွိုင့်မှာရှိတဲ့ အချက်ပြမီးတွေကို အရင်ပြင်ရမယ်။ အချက်ပြမီးတွေက မလာတော့ လူတွေကလည်း ကူးချင်တိုင်းကူး၊ ကားတွေကလည်း မောင်းချင်တိုင်းမောင်းပဲ” လို့ ပြောပါတယ်။

 

ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်အချို့က လမ်းဆုံလမ်းခွတွေမှာ ထားရှိတဲ့ အချက်ပြမီးပွိုင့်အများစုကို စစ်ကောင်စီက အခုချိန်ထိ ပြန်လည်ပြင်ဆင်တာ မရှိဘူးလို့လည်း သတင်းအရင်းအမြစ်က ပြောပါတယ်။

 

လက်တလောမှာ လူကူးမျဉ်းကြားက မကူးသူတွေကို ပညာပေးကာလအရ အသိပညာပေးနေပြီး စည်းကမ်းဖောက်ဖျက်သူတွေဟာ မေလ ၁၄ ရက်ကစပြီး ဒဏ်ငွေ ၃ သောင်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းက ရန်ကုန်တိုင်းအတွင်းမှာ လူကူးမျဉ်းကြားက မကူးလို့ ဖမ်းဆီးခံရသူ အမျိုးသား၊ အမျိုးသမီး ၂၈၄ ယောက် ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။