တာချီလိတ်က အွန်လိုင်းလောင်းကစားလုပ်ငန်းမှာ မြန်မာနိုင်ငံသား ၄၀ ဦး ပါဝင်နေ
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ထဲက အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းတွေကို ဝင်ရောက်စီးနင်းချိန် မြန်မာနိုင်ငံသား ၄၀ ဦးကို အခြားနိုင်ငံသားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုက ဒီနေ့ ဧပြီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ ဧပြီ ၂၇ ရက်က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တော်ကော့(တွင်း) ရပ် လိုမာဟိုတယ်အနီးမှာ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်နေတဲ့နေရာကို စစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းချိန် တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးနဲ့အတူ မြန်မာအမျိုးသမီး ၆ ဦးတို့ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဝိန်းကျောက်ရပ်ကွက်အတွင်း အခြားနေရာတစ်ခုက နေအိမ်တစ်လုံးကို ထပ်မံဝင်ရောက်စီးနင်းချိန် တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ ထိုင်ဝမ်လူမျိုး အမျိုးသမီး ၁ ဦး၊ မြန်မာအမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီး ၇ ဦးတို့ကို ထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
ဝိန်းကျောက်ရပ်ကွက်ထဲက နေရာ ၂ ခုကို ဝင်ရောက်စီးနင်းမှုအတွင်း အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်ရာမှာအသုံးပြုတဲ့ All in One ကွန်ပျူတာ ၂၆ လုံး၊ လက်ပ်တော့ ၁၃ လုံး၊ မော်နီတာ ၁ လုံး၊ System ပုံး ၁ လုံး၊ ဖုန်းမျိုးစုံ ၃၇၂ လုံး၊ Tablet မျိုးစုံ ၁၀၈ လုံးနဲ့ အခြားဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလ ဧပြီလဆန်းပိုင်းကလည်း တာချီလိတ်မြို့ ပန်ကူရွာအနီးက အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်တဲ့နေရာတွေကို ဝင်ရောက်စီးနင်းချိန် တရုတ်နဲ့ လာအိုနိုင်ငံသား ၁၈၃ ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ဒါဟာ ကရင်ပြည်၊ မြဝတီမြို့အတွင်းမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းတွေကို စီမံချက်ချ ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်အတွင်းမှာ ဖမ်းဆီးရမိမှုတွေ ပိုမိုများပြားလာတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း တာချီလိတ်မြို့၊ မူဆယ်မြို့နဲ့ လဲချားမြို့နယ်တို့မှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၄၇၈ ဦးကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ စစ်အုပ်စုက ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ဓာတ်ပုံ – Pro SAC
