မကွေးတိုင်းတွင် ပေါ်တာဆွဲဖမ်းဆီးမှုများမရှိဘဲ မိမိသဘောဆန္ဒအရ စစ်မှုထမ်းသူ တစ်သောင်းရှိကြောင်း စစ်အုပ်စုခန့် ဝန်ကြီးချုပ်ပြော ပြည်သူတွေက ညဖက် အပြင်မထွက်ရဲ
လူမှုကွန်ရက်ပေါ်မှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတယ်ဆိုတဲ့ သတင်းများ ပျံ့နှံ့နေပေမယ့် မကွေးတိုင်းတွင် အခုလိုဖြစ်ရပ်များမရှိဘဲ မိမိသဘောဆန္ဒအရ စစ်မှုထမ်းသူ တစ်သောင်းနီးပါးရှိကြောင်း စစ်အုပ်စုခန့် မကွေးတိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့တယ်လို့ ဌာနဆိုင်ရာသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဧပြီလ ၂၇ ရက် မနက် ၁၀ နာရီက မကွေးတိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအစည်းအဝေးမှာ စစ်အုပ်စုခန့် ဝန်ကြီးချုပ် ဦးတင်ကိုကိုက ပြောဆိုခဲ့တယ်လို့ ဌာနဆိုင်ရာသတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“မနေ့က အစည်းအဝေးမှာ ဝန်ကြီးချုပ်က ပြောတယ်။ ပေါ်တာဆွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူကိုယ်တိုင် နယ်မြေခံတပ်ရင်းတွေကို မေးကြည့်တော့ မကွေးတိုင်းမှာ ပေါ်တာဆွဲဖမ်းဆီးတာမရှိဘူး၊ လူငယ်တွေက သူတို့သဘောဆန္ဒအရပဲ စစ်မှုထမ်းကြတယ်လို့ဖြေတယ်။ ဒါကြောင့် လူငယ်တွေ သဘောဆန္ဒကို ဦးစားပေးတဲ့အနေနဲ့ စစ်မှုထမ်းကိစ္စကို အရင်တိုးပြီးခေါ်ဖို့ပြောတယ်”လို့ ပြောပါတယ်။
မနေ့က အစည်းအဝေးမှာ မကွေးတိုင်းတွင် ၂၀၂၄ ခုနှစ် စစ်မှုထမ်းအပတ်စဉ် ၁ မှ ၂၀၂၆ စစ်မှုထမ်းအပတ်စဉ် ၂၃ အထိ စစ်မှုထမ်းသူဦးရေ ၉,၉၃၆ ရှိပြီး စစ်မှုထမ်းအပတ်စဉ် ၂၄ သင်တန်းပါ ဖွင့်လှစ်နေပြီဖြစ်၍ ထည့်ပေါင်းပါက စစ်မှုထမ်းသူဦးရေ တစ်သောင်းကျော်ရှိတယ်လို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
တိုင်းအစိုးရအဖွဲ့ရုံး အခြေစိုက်ရာ မကွေးမြို့မှာပင် လူငယ်တွေ ညဘက်အိမ်အပြင် မထွက်ရဲအောင် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုက ဆိုးဝါးတယ်လို့ မကွေးမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မကွေးမှာဆို ညဘက် အပြင်မထွက်ရဲဘူး။ အပြင်ထွက်တာနဲ့ စစ်တပ်က ပေါ်တာဆွဲပြီး စစ်ထဲထည့်တာ။ မြို့မအိုးဖိုလမ်းမှာနေတဲ့ ကျွန်တော့်အသိတစ်ယောက်ဆို မူးပြီး အိမ်အပြင်မှာ အိပ်ပျော်သွားတာ မနက်ကျတော့ စစ်ထဲရောက်သွားရော။ အဲဒီလောက်အထိ စစ်တပ်က ပေါ်တာဆွဲတာ။ ဒါတောင် တိုင်းအစိုးရအဖွဲ့ရုံး အခြေစိုက်တဲ့ မြို့နော်၊ အခြားမြို့တွေဆို မတွေးရဲဘူး” လို့ ပြောပါတယ်။
မကွေးတိုင်း စလင်းမြို့နယ်မှာတော့ ခရီးသည်တင်ကားတွေပေါ်က ခရီးသည်တွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးပြီး ငွေသိန်းရာနဲ့ချီ၍ ပြန်ရွေးခိုင်းသလို ပြန်မရွေးနိုင်တဲ့သူတွေကို စစ်မှုထမ်းခိုင်းတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရန်ကုန်ကနေ စလင်းကို သင်္ကြန်ပိတ်ရက်ပြန်လာတဲ့ လူငယ်တွေကို Express ကားပေါ်ကနေ ဆွဲချပြီးဖမ်းတယ်။ ဖမ်းခံရတဲ့သူတွေကို ခလရ ၂၅၄ နဲ့ ထွေအုပ် သိန်း ၈၀၊ သိန်း ၁၀၀ တောင်းတယ်။ မပေးနိုင်ရင် စစ်ထဲထည့်ပစ်တာ၊ အဲဒီလောက်ထိ ဆိုးတာ” လို့ ပြောပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာလည်း နေအိမ်များကို ဧည့်သည်များမလာရဲအောင် ရပ်ကွက်အုပ်ချုပ်ရေး၊ ရဲနဲ့ စစ်ကောင်စီတပ်က ဧည့်စာရင်းနဲ့ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရွှေအိုး ၁ ရပ်ကွက်မှာ ဧည့်စာရင်းဝင်စစ်ပြီး ဧည့်သည် ၅ ယောက်ကို စစ်တပ်က ဖမ်းသွားတယ်။ အိမ်ရှင်တွေက လိုက်ထုတ်တော့ စစ်တပ်က သင်တန်းကျောင်းပို့လိုက်ပြီ။ တောင်တွင်းကြီးမှာ ပေါ်တာဆွဲလွန်းလို့ ဧည့်သည်တောင် ညမအိပ်ရဲဘူး” လို့ ပြောပါတယ်။
စစ်မှုထမ်းဥပဒေကို သမ္မတဖြစ်သွားတဲ့ စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ မှာ ဥပဒေထုတ်ပြန်ခဲ့ပြီး မတ်လ ၃၀ ရက်မှာ စစ်မှုထမ်းအပတ်စဉ် ၁ ကို စတင်ခေါ်ယူခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်ပြီဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
