ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၁လုံး ပျက်စီး  

Author CJ Platform
Categories
Published on Apr 18, 2026

မွန်ပြည်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာအုပ်စု သာယာကုန်းအပိုင်း၊ ကန်သာယာစုမှာ ဧပြီလ ၁၇ ရက် ည ၁၁ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၁ လုံး မီးထဲပါသွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မနေ့ည ၁၁ နာရီကျော်က အိမ်ရှင်ဖြစ်သူမှာ လျှပ်စစ်ဒယ်နီအိုးကို ပလပ်တပ်ခဲ့ပြီး အလှူသွားနေတဲ့အချိန် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၁၁ လုံး မီးထဲပါသွားပြီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဒယ်နီအိုးနဲ့ဟင်းတည်ထားတာကို သတိမေ့ပြီး ပလပ်မဖြုတ်ဘဲ အလှူသွားပြီး ဝိုင်းကူလုပ်ပေးတဲ့အချိန် ရှော့ဖြစ်ပြီး မီးလောင်တာ၊ ဘေးချင်းကပ်အိမ် ၁၁ လုံး မီးထဲပါသွားတယ်။ လူထိခိုက်မှုမရှိပေမယ့် အမျိုးသမီးတစ်ယောက်ကတော့ သူ့အိမ်မီးထဲပါသွားတာကြည့်ပြီး နှလုံးဖောက်ပြီး သတိလစ်သွားလို့ တိုက်နယ်ဆေးရုံကို ပို့လိုက်ရတယ်” လို့ ပြောပါတယ်။

 

အဆိုပါမီးလောင်မှုကို ပေါင်မြို့နယ် မီးသတ်စခန်းနဲ့ အလှပ်နယ်မြေမီးသတ်စခန်းက မီးသတ်ကားလေးစီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး ဒေသခံတွေကပါ ဝိုင်းပြီးမီးငြှိမ်းသတ်ပေးတာကြောင့် နာရီပိုင်းအတွင်း မီးငြိမ်းသွားတယ်လို့ Non CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ညဘက်လောင်တော့ မီးသတ်ရော ဒေသခံရော မီးငြှိမ်းနိုင်တာမို့ အကုန်မလောင်တာ။ အိမ်ရှင်ကိုတော့ အမှုဖွင့်ထားတယ်။ မီးဘေးသင့်တွေကို မူလတန်းကျောင်းမှာ ယာယီနေထိုင်ခွင့် ပေးထားတယ်” လို့ ပြောပါတယ်။

 

အဆိုပါ မီးလောင်မှုမှာ မီးဘေးသင့်ခဲ့တဲ့ နေအိမ် ၁၁ လုံးက အိမ်ထောင်စုတွေကို အလှပ်ကျေးရွာအုပ်စု သာယာကုန်းအပိုင်ထဲက မူလတန်းကျောင်းမှာ ယာယီနေထိုင်ဖို့ မြို့နယ်က စီစဉ်ပေးထားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

 

လက်တလောမှာ ပေါင်မြို့နယ်ရဲစခန်းက အိမ်ရှင်ဖြစ်သူ ဦးကိုကိုဦးကို (ပ) ၅၆/၂၀၂၆၊ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၆ ရက် မနက်အစောပိုင်းကလည်း ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းလမ်းမှာ ထမင်းအိုးတည်ရာမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ပြီး နေအိမ် ၃ လုံး မီးထဲပါသွားတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

ဓာတ်ပုံ – CJ

 

 

Related News

Depend on news