ရန်ကုန်မှာ သင်္ကြန်ကာလအတွင်း လူငယ် ၃၀ဦးထက်မနည်း ဖမ်းဆီးခံရ

Author CJ Platform
Categories
Published on Apr 17, 2026

သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ ရန်ကုန်တိုင်း မှော်ဘီ၊ တိုက်ကြီး၊ အင်းစိန်၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တို့မှာ ဖမ်းဆီးခံရတဲ့ လူငယ် ၃၁ ဦးရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဧပြီလ ၁၆ ရက်က မှော်ဘီမြို့နယ် ဗဟိုမဏ္ဍပ်မှာ ခိုက်ရန်ဖြစ်ပွားတဲ့ လူငယ် ၄ ဦးကို စစ်အုပ်စုတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့ပြီး မှော်ဘီမြို့မရဲစခန်းမှာ ပုဒ်မ ၃၂၃ နဲ့ အမှုဖွင့်ထားတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

“ကောင်လေးတစ်ယောက်ကို အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်တာ၊ စစ်တပ်ရော ရဲရော လိုက်ဖမ်းတာ ၄ ယောက်မိတယ်။ မိတဲ့ကောင်လေးတွေက ဥက္ကံက။ အခုသူတို့ကို ရဲစခန်းက ပုဒ်မ ၃၂၃ နဲ့ အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။

 

လှိုင်သာယာအနောက်ပိုင်းမြို့နယ် အလယ်ကျေးရွာမှာ ဧပြီလ ၁၅ ရက်က ရေလောင်းရာမှ ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကာ ပြစ်မှုကျူးလွန်သူကို ရဲကမဖမ်းဘဲ လမ်းသွားလမ်းလာ လူငယ် ၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

“ရွာလယ်လမ်းမှာ ပခုံးချင်းတိုက်မိပြီး ရန်ဖြစ်တာ၊ ရွာထဲက လူငယ်နှစ်ယောက်ကို ဘယ်ကလာတဲ့သူတွေမှန်းမသိဘူး ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာ၊ တစ်ယောက်သေတယ် တစ်ယောက်ဒဏ်ရာရတယ်။ ဓားနဲ့ထိုးတဲ့သူကို ရဲကမမိတော့ ရေပက်ခံထွက်လာတဲ့ ကောင်လေး ၅ ယောက်ကို ဖမ်းသွားတယ်” လို့ ပြောပါတယ်။

ဧပြီလ ၁၄ ရက်ကလည်း ရွှေပြည်သာမြို့နယ် မဏ္ဍပ်တွင် လူငယ်နှစ်ဦး စကားများရာမှ အဖွဲ့များပါလာပြီး နှစ်ဖက်ခိုက်ရန်ဖြစ်ပွားကြရာ ၂ ဦး ဒဏ်ရာရပြီး ၇ ဦး ဖမ်းဆီးခံရတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

“သင်္ကြန်အကျနေ့က ရွှေပြည်သာမဏ္ဍပ်မှာ ရန်ဖြစ်ကြတာ ၂ ဦး ဒဏ်ရာရတယ်။ တော်သေးတယ် ဓားတွေသာပါရင် လူတွေသေမှာ။ နှစ်ဖက်စလုံးကို ရဲတွေက ဖမ်းထားတယ်” လို့ ပြောပါတယ်။

စစ်အုပ်စုတပ်နဲ့ ရဲတွေက သင်္ကြန်အတက်နေ့က အင်းစိန်မြို့နယ် မင်းစေတီဘုရားနားတွင် ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ လူငယ် ၃ ဦးကို ဖမ်းဆီးပြီး အင်းစိန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အလားတူ သင်္ကြန်အကြိုနေ့ကလည်း ပြည်သူ့ရင်ပြင်မှာ မူးယစ်ရမ်းကားပြီး ခိုက်ရန်ဖြစ်ပွားတဲ့ လူငယ် ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းခဲ့သလို မြို့တော်ခန်းမရှေ့မှာ စကားများရန်ဖြစ်ခဲ့တဲ့ လူငယ် ၅ ဦးကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သင်္ကြန်ရေပက်ခံထွက်သူတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news