ရုရှားက တရုတ်နဲ့ထိုင်းကို စွမ်းအင်ဖြန့်ဖြူးရေးအတွက် မြန်မာကနေ ပိုက်လိုင်းတွေတည်ဆောက် ပို့ဆောင်ဖို့ စစ်အုပ်စု တောင်းဆို
ရုရှားနိုင်ငံအနေနဲ့ စွမ်းအင်ကုန်သွယ်မှုအတွက် အရှေ့တောင်အာရှနိုင်ငံတွေဘက်ကို တိုးမြှင့်ဆောင်ရွက်လာချိန် ဒေသတွင်း စွမ်းအင်ဖြန့်ဖြူးရေးအတွက် မြန်မာနိုင်ငံကို Energy Hub အဖြစ် အသုံးချဖို့နဲ့ မြန်မာကနေတစ်ဆင့် ပိုက်လိုင်းတွေကို အသုံးပြုပြီး တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကို ဆက်လက်တင်ပို့သွားဖို့ ရုရှားသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်နဲ့ မင်းအောင်လှိုင်အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်တို့ တွေ့ဆုံချိန် ဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စု ဝါဒဖြန့်သတင်းစာက ဒီနေ့ ဧပြီ ၁၇ ရက်မှာ ဖော်ပြထားပါတယ်။
အခု ဧပြီ ၁၅ ရက်က ဦးကိုကိုလွင်နဲ့ ရုရှားသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် H.E Mr. Anton Kobyakov တို့ တွေ့ဆုံချိန် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ တင်ပို့နိုင်ရေးကိစ္စရပ်အပါအဝင် နှစ်နိုင်ငံအကြား လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကမ်းလွန်လုပ်ကွက်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံစီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကို အလျင်အမြန်လုပ်ဆောင်လိုတယ်လို့ ဦးကိုကိုလွင်က ဆက်လက်ပြောဆိုခဲ့ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းပြန်လည်စတင်ဖို့ ပြီးခဲ့တဲ့နှစ် ၂၀၂၅ မတ်လဆန်းပိုင်းက မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပြီး ဒီစီမံကိန်းကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ စစ်အုပ်စုဘက်က လိုလားနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွက် လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍကိုလည်း ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ဦးကိုကိုလွင်က ပြောဆိုခဲ့သလို ရုရှားစွမ်းအင်ဝန်ကြီးကလည်း မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်းပြီး စွမ်းအင်ကဏ္ဍကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြန်လည်ပြောဆိုခဲ့ကာ နှစ်နိုင်ငံကြား MoU ရေးထိုးနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – Pro-SAC
