နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး ကောင်းမွန်နေတယ်လို့ မိသားစုနဲ့နီးစပ်သူ အတည်ပြု၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတွေကို ဘာမှမသိရဟုဆို

Author CJ Platform
Categories
Published on Apr 17, 2026

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်စွာရှိနေတယ်လို့ သမ္မတဦးဝင်းမြင့်ရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုက အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းစစ်ခေါင်းဆောင်ကနေ သမ္မတရာထူးရယူထားတဲ့ မင်းအောင်လှိုင်က ဒီကနေ့ ဧပြီ ၁၇ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိမှာ သမ္မတဦးဝင်းမြင့်ဟာ မိသားစုဝင်တွေ နေပြည်တော်မှာ ငှားရမ်းနေထိုင်တဲ့ ဥတ္တရသီရိမြို့နယ်က နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။

 

CJ Platform က သမ္မတ ဦးဝင်းမြင့်ရဲ့ မိသားစုနဲ့နီးစပ်သူကို ဆက်သွယ်မေးမြန်းရာ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း မျက်မြင်သိရှိရတယ်လို့ အတည်ပြုပြောကြားပါတယ်။

 

ထို့ပြင် CJ Platform က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲပို့ဆောင်မယ်လို့ သတင်းထွက်ပေါ်နေမှုကို ဆက်လက်မေးမြန်းရာမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မသိရှိရသေးကြောင်း ပြောကြားပါတယ်။

 

စစ်အုပ်စုက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိ ထောင်ဒဏ်ထဲကနေ ၄ နှစ် ၆ လသာ လျှော့ချပေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက ရိုက်တာသတင်းဌာနကို ဖြေကြားထားပါတယ်။

 

CJ Platform က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှိရာ နေရာကို သတင်းထောက်စေလွှတ်ပြီး သွားရောက်လေ့လာခိုင်းခဲ့ရာမှာလည်း ခြံအမှတ် (၅၄) ရှေ့ရှိ အတားအဆီးတွေနဲ့ ခြံဝန်းကို ပြုပြင်ရှင်းလင်းထားတာမျိုး မတွေ့ရှိရဘဲ ယခင်အတိုင်းသာ ပိတ်ဆို့ထားဆဲဖြစ်တာကို တွေ့ရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – AFP