အညာဒေသတွင် ငွေ ၅ သောင်းဖြင့် ဆွဲဆောင်ကာ Kpay အကောင့်များ လိုက်လံဝယ်ယူနေမှု ကျယ်ပြန့်လာ Mytel နဲ့ MPT နံပါတ်တွေကို အဓိကအသုံးပြုနေ

Author CJ Platform
Categories
Published on Apr 10, 2026

အညာဒေသတွင်းက ကျေးရွာတွေမှာ ဒေသခံတွေရဲ့ စားဝတ်နေရေးကျပ်တည်းမှုကို အခွင့်ကောင်းယူကာ ကျပ်ငွေ ၅၀,၀၀၀ ပေးဆောင်ကာ ဒေသခံတွေရဲ့ ကိုယ်ရေးအချက်အလက်တွေရယူပြီး Kpay အကောင့်တွေ လိုက်လံဖွင့်လှစ်ကာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ ဖြစ်စဉ်တွေ များပြားလာတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

ဒီဖြစ်စဉ်ဟာ ဒီလ ဧပြီ ပထမပတ်အတွင်းမှာ ချောင်းဦးမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့ပြီး ဒေသခံတွေရဲ့ မှတ်ပုံတင်နဲ့ မျက်နှာအသွင်အပြင် (Face ID) ကို ရယူစုဆောင်းကာ Kpay Level-2 အဆင့်ထိ ဖွင့်လှစ်ပေးပြီး အောင်မြင်ပါက ငွေကျပ် ၅၀,၀၀၀ ပေးကာ ဒီအကောင့်ကို ငွေပေးသူတွေက ယူဆောင်သွားတယ်လို့ သိရပါတယ်။

 

“အခုချိန် အညာလူထုက သူတို့ပေးတဲ့ ငါးသောင်းမပြောနဲ့ လမ်းမှာ ငါးဆယ်၊ တစ်ရာတွေ့ရင်တောင် ကောက်မှာဗျ။ အရမ်းကျပ်တည်းနေပြီ။ တစ်အိမ်မှာ လူ ၅ ယောက်ရှိရင် နှစ်သိန်းခွဲရမယ်၊ အဲဒီနှစ်သိန်းခွဲဆိုရင် ဆန်အကြမ်း နှစ်အိတ်ရတယ်။ ဆန်ထွက်တဲ့ဒေသတွေက ဆန်ကိုပြန်ဝယ်စားနေရတော့ ဒီငါးသောင်းဆိုတဲ့အရာကြီးက သူတို့အတွက် များများစားစား စည်းရုံးနေဖို့တောင် မလိုတော့ဘူး။” လို့ ဖြစ်စဉ်ကို ကိုယ်တိုင်စုံစမ်းခဲ့တဲ့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇာနည်သိန်းက CJ Platform ကို ပြောပါတယ်။

 

အကောင့်ဖွင့်ပေးနေသူတွေဟာ စလော့ (Slot) နဲ့ ငါးပစ်ဂိမ်းကဲ့သို့သော အွန်လိုင်းလောင်းကစားဂိမ်းတွေ ဆော့ကစားရာမှတစ်ဆင့် ငွေသွင်းငွေထုတ် ဝန်ဆောင်မှုပေးတဲ့ အေးဂျင့် (Agent) တစ်ဦးနဲ့ ရင်းနှီးမှုကနေတစ်ဆင့် အေးဂျင့်က KPay အကောင့်တစ်ခုကို ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဝယ်ယူမည်ဟု မက်လုံးပေး ကမ်းလှမ်းချက်တွေကြောင့် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတွေကို KPay အကောင့်သစ်တွေ ဖွင့်လှစ်ရန် အချက်အလက်ပေးပါက ငွေကျပ်ငါးသောင်း ရရှိမယ်လို့ဆိုကာ ကြားဖြတ်အကျိုးအမြတ်အဖြစ်ရယူပြီး လိုက်လံစည်းရုံးလုပ်ဆောင်ပေးနေတာလို့ ဆက်လက်ပြောပါတယ်။

 

စုံစမ်းချက်တွေအရတော့ အေးဂျင့်က ပေးပို့တဲ့ ဖုန်းနံပါတ်တွေကို အသုံးပြုပြီး အကောင့်ဖွင့်လို့ အောင်မြင်ပါက ဒေသခံကို ၅၀,၀၀၀ ကျပ်ပေးကာ အကောင့်အချက်အလက်အားလုံးနဲ့ Kpay အကောင့်ကို အေးဂျင့်တွေထံ တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

“Mytel ကတ်အများစုဗျ၊ Mytel ကတ်နဲ့ MPT ကို သုံးနေတာ” လို့ ကိုဇာနည်သိန်းက CJ Platform ကို ပြောပါတယ်။

 

ထူးခြားချက်မှာ Kpay အဆင့်မြှင့်တင် ဖွင့်ရာမှာအသုံးပြုတဲ့ အကောင့်ဟာ ဘဏ်ဝန်ထမ်းတွေသာ ကိုင်ဆောင်တဲ့ အကောင့်နဲ့ အတည်ပြုပေးနေခြင်းဖြစ်ပြီး ဘဏ်ဝန်ထမ်းကိုယ်တိုင် ပတ်သက်နေမှု ရှိ၊ မရှိ သံသယဖြစ်ဖွယ်ရှိနေတယ်လို့ မှတ်ချက်ပြုတာတွေလည်း ရှိနေပါတယ်။

 

“သူတို့ကိုင်ထားတဲ့ အကောင့်က ဝန်ထမ်းတွေပဲ ကိုင်ရတာဗျ။ ကျွန်တော်သုံးသပ်ထားတာကတော့ ဝန်ထမ်းကိုယ်တိုင်က အဲဒီကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်နေတာလား၊ ဒါမှမဟုတ်လို့ရှိရင် သူ့ရဲ့ရာထူးတိုးဖို့နဲ့ အကောင့်ဖွင့်ပေးဖို့ Target ပြည့်ဖို့အတွက် ဒီအကောင့်ကို ကျားဖြန့်လုပ်ငန်းလုပ်နေတဲ့ဆီကို၊ ဒီစလော့ဂိမ်း၊ ငါးပစ်ဂိမ်းလုပ်တဲ့ဆီကို ပေးသုံးတာလားဆိုတဲ့အချက် ရှိတာပေါ့နော်” လို့ ဘဏ်ဝန်ထမ်းဟောင်းတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး သိရှိခြင်း ရှိ၊ မရှိနဲ့ စိစစ်ခြင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီး KBZ ရဲ့ Press Office ထံကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

အခုလို အချက်အလက်တွေ ပေးဆောင်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ခရီးသွားလာရာမှာ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေမှာ PSMS စနစ်နဲ့ စစ်ဆေးခံရမှုမှာ KPay ပိတ်ပင်ခံရတာနဲ့ ငြိစွန်းတာ၊ အွန်လိုင်းငွေလိမ်မှုနဲ့ ငြိစွန်းတာတွေကြောင့် ဖမ်းဆီးခံရတာ၊ ငွေညှစ်ခံရတာတွေနဲ့ ထောင်ဒဏ်ကျခံရတာတွေပါ ရှိနေတယ်လို့လည်း သိရပါတယ်။

 

“ကျွန်တော်တို့ အညာလူထုကို ပစ်မထားကြပါနဲ့လို့၊ အခုလိုတွေဖြစ်လာရင် ဝိုင်းပြီးတော့ အသံထွက်ပေးကြပါဦးလို့။ ဒါကတော့ ကျားဖြန့်နဲ့ပတ်သက်တဲ့၊ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ပတ်သက်တဲ့အရာကို ဝိုင်းပြီးအသံထွက်ပေးဖို့ပေါ့နော်။ ထပ်ပြီးတော့ အညာကို နာမည်တပ်ပြီး ကိုယ်ကျိုးရှာနေတာတွေရှိတယ်၊ အညာကို နာမည်တပ်ပြီး အညာကို ရောက်မလာတဲ့ အလှူခံတာတွေ ရှိနေကြတယ်၊ ဒါလေးတွေလည်း သေချာအာရုံစိုက်ပြီး ကာကွယ်ပေးကြပါဦး” လို့ ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က တောင်းဆိုထားပါတယ်။

 

လက်ရှိမှာ အထက်ပါ Kpay အကောင့်ဖွင့်ခြင်းတွေကို လိုက်လံလုပ်ကိုင်နေသူအချို့ကို နယ်မြေခံ တော်လှန်ရေးအဖွဲ့အစည်းတွေက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကတစ်ဆင့် ခံဝန်ကတိထိုးခိုင်းခြင်းတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။