ရန်ကုန်တွင် သတ်မှတ်ချိန်ထက် မီးပိုပျက်၍ ပြည်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်ရ

Author CJ Platform
Categories
Published on Apr 09, 2026

ရန်ကုန်မှာ စစ်အုပ်စုလက်အောက်ခံ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ လျှပ်စစ်မီးပေးစနစ်မမှန်တာကြောင့် စက်ရုံအလုပ်သမားတွေ၊ အိမ်ထောင်ရှင်မတွေနဲ့ လျှပ်စစ်မီးကိုအသုံးပြုပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းလုပ်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်သူတွေဆီက သိရပါတယ်။

 

၄ နာရီလာ ၄ နာရီပျက်မယ်လို့ ကြေညာထားပေမယ့် လက်ရှိမှာ ပျက်သည့်အချိန်များပြီး မီးလာသည့်အချိန်မှာ မမှန်တာ​ကြောင့် အပိုဝင်ငွေကုန်ကျမှုရှိတယ်လို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ် စက်မှုဇုန် ၇ မှာ နေထိုင်တဲ့ အလုပ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျွန်မတို့က စက်မှုဇုန်နားမှာနေတော့ မနက် ၅ နာရီမီးလာရမယ့်အချိန်ဆို မလာဘူး၊ စက်ရုံသွားခါနီးမှ လာတယ်။ အဲ့လိုအချိန်လာတော့ ထမင်းချက်ဖို့ အဆင်မပြေဘူး။ အဆင်မပြေတော့ ထမင်းဟင်း ဝယ်ထည့်သွားရတယ်။ အဲ့လိုဝယ်ထည့်တော့ အပိုဝင်ငွေကုန်တာပေါ့။ မီးပျက်တာများတဲ့လဆို လစာသိပ်မကျန်တော့ အိမ်ကို ငွေမပို့နိုင်ဘူး” လို့ ပြောပါတယ်။

 

မီးလာသည့်အချိန်တွေမှာ မမှန်သည့်အပြင် ၄ နာရီမှာ ၁ နာရီ၊ ၂ နာရီလောက်သာ လာတာကြောင့် အိမ်စရိတ်မှာ အရင်ကထက် ပိုကုန်လာတယ်လို့ ရွှေပေါက်ကံမြို့နယ်နေ အိမ်ရှင်တစ်ဦးက သူ့ရဲ့အခက်အခဲကို CJ Platform ကို ပြောပြပါတယ်။

 

“ရွှေပေါက်ကံမှာ မီးက ၄ နာရီပြည့်အောင် မလာဘူး။ ဥပမာ မနက် ၁၀ ကနေ ၁ နာရီအထိ လာရမယ့်မီးက ၁၁ နာရီ၊ တစ်ခါတစ်လေ ၁၂ နာရီမှ လာတယ်။ မီးပျက်တာတွေများတော့ မီးသွေးနဲ့ချက်ရတယ်။ မီးသွေးတစ်ပိဿာ ၂,၀၀၀ ရှိတယ်။ ဂတ်စ်အိုးရှိတဲ့သူဆို ဂတ်စ်က တစ်ပိဿာ ၁၇,၅၀၀။ မီးပျက်တော့ ဈေးဖိုးထဲဖယ်ပြီး ချက်ပြုတ်ဖို့အတွက် သုံးရတယ်။ ညဘက်မီးမလာရင် ဖယောင်းတိုင်ဖိုးက သုံးထောင်လောက် ကုန်သေးတယ်” လို့ ပြောပါတယ်။

 

ဒီလိုအခက်အခဲတွေကို အိမ်ရှင်မတွေပဲ ခံစားရတာမဟုတ်ဘဲ အိမ်တွင်း တစ်ပိုင်တစ်နိုင် သံပန်း၊ စတီးလက်ရန်းလုပ်သူတွေလည်း ကြုံတွေ့ရတယ်လို့ တောင်ဒဂုံမြို့နယ်က သံပန်းလုပ်ကိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မီးကမလာတာက များနေတော့ အပ်ထည်တွေကို လက်စမသတ်နိုင်ဘူး။ မီးစက်မောင်းပြီး အလုပ်လုပ်ရအောင်လည်း အိမ်တွင်းအသေးစားစက်မှုလုပ်ငန်းဆိုတော့ အမြတ်သိပ်မရှိဘူး။ ၄ နာရီလာ ၄ နာရီပျက်ဆိုလည်း အတိအကျလာရင် တော်သေးတာပေါ့။ မီးမမှန်တော့ အိမ်ရှင်တွေနဲ့ ပြဿနာဖြစ်မှာစိုးလို့ ကန်ထရိုက်ပုံစံမျိုးနဲ့တောင် အလုပ်လက်ခံမရဲဘူး” လို့ ပြောပါတယ်။

 

လျှပ်စစ်သုံးစွဲမှု မြင့်တက်လာတဲ့အတွက် မတ်လကနေ ဇွန်လအထိ ၄ လကြာ ဝန်အားထိန်းညှိပြီး ခွဲဝေဖြန့်ဖြူးပေးမယ်လို့ စစ်အုပ်စုလက်အောက်ခံ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။

 

ဒီလိုထုတ်ပြန်ထားပေမယ့် မီးလာချိန်နည်းပြီး မီးပျက်ချိန်များသည့်ဒုက္ခကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်နဲ့ မြို့ပေါင်း ၂၀ မှာနေထိုင်တဲ့ ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ခံစားနေရတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် စက်သုံးဆီရှားပါးပြတ်လပ်နေမှုကြောင့် မီးစက်မောင်းပြီး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ပါ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။