YBS ကားများ အချိန်မီပြုပြင်ရန် လိုအပ်ကြောင်း ခရီးသွားပြည်သူများ ဝေဖန်
အာဏာသိမ်းစစ်အုပ်စုလက်ထက်မှာ ယိုယွင်းလာတဲ့ YBS ခရီးသည်တင်ယာဉ်တွေကို ပြန်လည်ပြုပြင်ဖို့ ခရီးသွားပြည်သူတွေက တောင်းဆိုနေကြပြီး ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
YBS မော်တော်ယာဉ်အများစုမှာ ပေါက်ပြဲနေခြင်း၊ အချက်ပြမီးမရှိခြင်း၊ ဘဲလ်မရှိခြင်းနဲ့ အဲယားကွန်းများပျက်နေခြင်းအပြင် ခါးပိုက်နှိုက်အန္တရာယ်ကို ကြိုတင်ကာကွယ်ပေးနိုင်ခြင်းမရှိတဲ့အချက်တွေကို ပြည်သူတွေက ဝေဖန်နေကြတာလို့ ခရီးသည်ပြည်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“YBS 96၊ 102၊ 23 တို့ဆို အောက်ကြမ်းခင်းတွေ ပေါက်ပြဲနေပြီ၊ အဲ့ဒါကို ပြန်မပြင်ဘူး။ ဟိုနေ့က အဒေါ်ကြီးတစ်ယောက်ကျွံကျလို့ ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ ကြာလာရင် အဲ့အပေါက်ကနေ လူပြုတ်ကျနိုင်တယ်။ ယာဉ်မောင်းတွေက ကုမ္ပဏီကို မတင်ပြဘူးလားမသိဘူး။ အန္တရာယ်ရှိတာကိုသိရက်နဲ့ အချိန်မီမပြင်ဘူး” လို့ ပြောပါတယ်။
ဆူးလေကနေ သာကေတကို ပြေးဆွဲနေတဲ့ YBS 72 ကားများမှာလည်း ကြမ်းခင်းအပေါက်အပြဲရှိသည့်အပြင် အတက်အဆင်းဘဲလ်များနဲ့ မီးများပါ ပျက်နေကြောင်း သာကေတမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“YBS 72 လည်း ဒီအတိုင်းပဲ ကြမ်းခင်းပေါက်နေလို့ ထိုင်ခုံပါဖြုတ်ပြီး ကာထားရတယ်။ ဒီကြားထဲ အဆင်းအတက်ဘဲလ်က မရှိဘူး။ အချို့ကားတွေဆို စက်ဘီးဘဲလ်တပ်ထားတယ်။ အချက်ပြမီးမရှိတော့ ခါးပိုက်နှိုက်တွေက စိတ်ကြိုက်ပဲ” လို့ ရှင်းပြပါတယ်။
ရန်ကုန်မှာရှိတဲ့ YBS ယာဉ်တွေကို နေ့စဉ် ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကော်မတီ (YRTC) က စစ်ဆေးတယ်ဆိုပေမယ့် ငွေကြေးရရှိရေးသာ အဓိကထားတဲ့အတွက် မော်တော်ယာဉ်တွေရဲ့ ပျက်စီးယိုယွင်းမှုကို မသိဘူးလို့ YBS ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“YRTC က ယာဉ်စစ်တဲ့အဖွဲ့တွေကို ကားမှတ်တိုင်တိုင်းမှာ ထားတယ်။ အဲ့ဒီအဖွဲ့တွေက ယာဉ်ကြံ့ခိုင်မှုကို မစစ်ဆေးဘူး။ ရှေ့ကား ဘယ်မိနစ်ရှိပြီ ထွက်သွားတာလောက်ပြောပြီး စာရွက်လက်မှတ်ထိုး ပိုက်ဆံတောင်းတဲ့အလုပ်ပဲ လုပ်နေတော့ YBS ယာဉ်တွေက ပိုဆိုးလာတယ်” လို့ ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက် ဒလ ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတားအဆင်းမှာ YBS ကြမ်းပြင်ပေါက်ကနေ ထွက်ကျပြီး သေဆုံးသွားတဲ့ အသက် ၅ နှစ် သမီးငယ်လေးရဲ့အဖြစ်ကလည်း လူပြောများစရာ ဖြစ်ခဲ့ပါတယ်။
NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်က ရန်ကုန်မှာရှိတဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေစေရန်အတွက် မထသ စနစ်ကိုဖျက်သိမ်းပြီး Yangon Bus Service (YBS) မော်တော်ယာဉ်ကို အစားထိုးခဲ့တာ ဖြစ်ပါတယ်။
ပုံစာ – YBS ယာဉ်တစ်စီးကို မြင်ရပုံ
