မင်းအောင်လှိုင် သမ္မတမဖြစ်မီ ပိုက်တဲတွေမှာပင် ငပိကြမ်းတစ်ပိသာ ၂၂၀၀၀ ဖြစ်

Author CJ Platform
Categories
Published on Apr 02, 2026

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတမဖြစ်မီ အနောက်ဘက်ကမ်းခြေတစ်လျှောက်ရှိ ရေလုပ်သားတွေရှိရာ ပိုက်တဲမှာပင် ငပိကြမ်းတစ်ပိသာ ၂၂,၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်သွားတယ်လို့ ရေလုပ်သားတွေဆီက သိရပါတယ်။

 

စက်သုံးဆီရှားပါးမှု၊ အထွေထွေကုန်စျေးနှုန်း မြင့်တက်လာမှုတွေကြောင့် မျှင်ငပိအကြမ်း (နှစ်ထပ်ထောင်း) တစ်ပိသာမှာ ပိုက်တဲတွေမှာ ၂၂,၀၀၀ ကျပ်၊ မြို့ပေါ်ပွဲရုံတွေမှာ ၃၀,၀၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်နေခဲ့ပါတယ်။

 

“ငပိကြမ်းက စားငပိမဟုတ်သေးဘူး၊ စားငပိအချောဆို ပိုက်တဲတွေမှာ ၃၅,၀၀၀ ကျပ်၊ မြို့ပေါ်မှာ ၅၀,၀၀၀ ကျပ်ဝန်းကျင်ကို ရှိနေတာ”လို့ ဧရာဝတီတိုင်း အနောက်ဘက်ကမ်းခြေရှိ ရေလုပ်သားတစ်ဦးက ပြောပါတယ်။

 

မနှစ် ၂၀၂၅ ခုနှစ် ယခုအချိန်မှာ ငပိကြမ်းတစ်ပိသာကို ပိုက်တဲတွေမှာ ၁၂,၀၀၀ ကျပ်ခန့်သာ စျေးနှုန်းရှိခဲ့တယ်လို့ သိရပါတယ်။

 

ငပိစျေးနှုန်းတွေအပြင် ငစ္စလီ (ငနီတူ) တစ်ပိသာကို ၂၀,၀၀၀ ကျပ်၊ ကြက်စာငါးတစ်ပိသာကို ၈,၅၀၀ ကျပ်အထိ စျေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

 

“ငပိအချောက ပုသိမ်စျေးနဲ့ ရန်ကုန်စျေးတောင် မတူဘူး၊ ငပိကောင်းရင် ရန်ကုန်မှာ တစ်ပိသာ ၆ သောင်းလောက်ထိ တောင်းတယ်”လို့ ပွဲရုံလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

 

မျှင်ငပိထွက်ရှိရာ ရခိုင်ပြည်ကို စစ်အုပ်စုက ဖြတ်လေးဖြတ်လုပ်ဆောင်ထားပြီးနောက် ရခိုင်က ရေထွက်ကုန်တွေဟာ အခြားဒေသတွေကို တင်ပို့မရတော့ဘဲ အခုလို စျေးနှုန်းတွေ ပိုမိုမြင့်တက်လာနေတာဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Related News

Depend on news