မြဝတီဒေသခံတွေ စက်သုံးဆီ ပြတ်လပ်မှာ စိုးရိမ်ပြီး ထိုင်းကိုသွားရောက်ကာ အလုယက်ဝယ်ယူနေ

Author CJ Platform
Categories
Published on Mar 03, 2026

ကရင်ပြည်၊ မြဝတီမြို့အတွင်းမှာရှိတဲ့ စက်သုံးဆီဆိုင်တွေမှာ ဒေသခံတွေက ဓာတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ယူမှု မြင့်တက်နေပြီး အချို့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အထိ သွားရောက်ကာ ဝယ်ယူမှုတွေ ရှိနေတယ်လို့ မဲဆောက်ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

ဒီနေ့ မတ် ၃ ရက်၊ မနက်ပိုင်းမှာ မြဝတီမြို့အတွင်းက PTT ဆီဆိုင်မှာ ဆိုင်ကယ်ရာနဲ့ချီ တန်းစီပြီး စက်သုံးဆီ ဝယ်ယူနေကြသလို၊ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အတွင်းက PTT ဆီဆိုင်မှာလည်း မြန်မာဘက်က ကားတွေ တန်းစီပြီး စက်သုံးဆီ ဝယ်ယူမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနကလည်း နိုင်ငံတွင်း စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် စက်သုံးဆီတွေကို ပြည်ပကို ရောင်းချတာ ယာယီရပ်တန့်ထားဖို့ကိုလည်း အခု မတ် ၁ ရက်မှာ ညွှန်ကြားခဲ့ပြီးနောက် မြန်မာဘက်မှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ရှိလာတာလည်း ဖြစ်ပါတယ်။

 

ဒါဟာ အရှေ့အလယ်ပိုင်းဒေသ အီရန်-အမေရိကန်/အစ္စရေး စစ်ရေးတင်းမာမှု မြင့်တက်လာချိန် ကမ္ဘာ့ရေနံဈေးနှုန်းဟာ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကြောင့် လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုနဲ့ လောင်စာဆီ ပြတ်လပ်မှု ဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေ ရှိလာနေပြီး ထိုင်းအစိုးရဘက်ကလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ Bangkok Post က ဖော်ပြထားပါတယ်။

 

မြန်မာနယ်စပ်ဒေသတွေမှာ စက်သုံးဆီ ပြတ်လပ်မှုစတင်ဖြစ်ပေါ်နေပြီး စက်သုံးဆီဆိုင်တွေ ယာယီပိတ်ထားတာကြောင့် ရှမ်းပြည် တာချီလိတ်မြို့က ဒေသခံပြည်သူတွေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်ကို လာရောက်ပြီး စက်သုံးဆီဝယ်ယူမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

 

စစ်ပွဲကြောင့် ရေနံတင်သင်္ဘောတွေ အများဆုံး ဖြတ်သန်းသွားလာတဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်လိုက်ကြောင်း ကြေညာခဲ့ပြီးချိန် ဒီနေ့ မတ် ၃ ရက်၊ မနက်ပိုင်းအထိ ရေနံတစ်စည်ကို အမေရိကန် ၇၃ ဒေါ်လာကနေ ဒေါ်လာ ၈၀ အထိ မြင့်တက်လာနေကြောင်း Global Oil Price ကလည်း ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – เอก เกียรติศักดิ์ แม่สอด..