နိုင်ငံခြားရောက်လူငယ်တွေ စစ်မှုထမ်းဖို့ ပြန်မလာရင် မိဘတွေကို ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ခံနေရ
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ စမ်းဝအုပ်စုမှာ စစ်အုပ်စုက နိုင်ငံခြားရောက်လူငယ်တွေ စစ်မှုထမ်းဖို့ ပြန်မလာရင် မိဘတွေကို ဖမ်းဆီးမယ်ဆိုကာ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စမ်းဝအုပ်စု၊ ကြံတောစုရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်၊ ညပိုင်းက ပန်းတောင်းမြို့က အရပ်ဝတ်တွေနဲ့ လာတဲ့ စစ်အုပ်စုအင်အား ၁၀ ဦးခန့်က ကျေးရွာရာအိမ်မှူးတွေနဲ့အတူ ဧည့်စာရင်းစစ်ရင်း ပြောကြားခဲ့တာလို့ ဆိုပါတယ်။
“နိုင်ငံခြားမှာ ရောက်နေတဲ့ လူငယ်တွေ စစ်မှုထမ်းဖို့ အကုန်ပြန်လာရင်လာ၊ မလာရင် မိဘတွေ ဖမ်းဆီးထောင်ချမယ်လို့ အဖွဲ့ခေါင်းဆောင် ထွေအုပ်ဒုဦးစီးမှူး ချစ်ကိုကိုက တစ်အိမ်တက်ဆင်း ဧည့်စာရင်းစစ်ရင်း ပြောတာ။ အခု ရွာသားလူငယ်တချို့ အိမ်မကပ်ရဲဘဲ ပုန်းနေရတယ်။ ဧည့်စာရင်းအဖွဲ့တွေလည်း ပြီးခဲ့တဲ့ (ဖေဖော်ဝါရီ ၁၀) မနက်အထိ ရွာထဲက မပြန်သေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါအုပ်စုမှာ စစ်မှုထမ်းစတင်ဆင့်ခေါ်ချိန်ကစပြီး တစ်အိမ်ထောင်ကို ကျပ် ၄ သောင်း တောင်းခံရာက ပြီးခဲ့တဲ့ ၃ လလောက်ကစပြီး တစ်အိမ်ထောင် ကျပ် ၈ သောင်းအထိ အုပ်ချုပ်ရေးမှူးက တိုးမြင့်ကောက်ခံရာမှ ကျေးရွာနေပြည်သူတွေက မပေးနိုင်တော့သဖြင့် အခုလို မိဘတွေကို ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် စမ်းဝအုပ်စု အုပ်ချုပ်ရေးမှူး အောင်ကိုဦးဟာ ကျေးရွာသားတွေဆီက စုဆောင်းထားတဲ့ စစ်မှုထမ်းငွေတွေကို ကိုယ်ကျိုးသုံးတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။
အုပ်ချုပ်ရေးမှူး အောင်ကိုဦး စစ်မှုထမ်းငွေတွေ အလွဲသုံးတာနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက် မရသေးပေမယ့် စမ်းဝအုပ်စုမှာ စမ်းဝ၊ ကြံတောစု၊ အုပ်ဖိုကွင်းနဲ့ တောမရွာ အပါအဝင် ၄ ရွာရှိပြီး အိမ်ထောင်စု ၂၅၀ ကျော်ရှိကာ လယ်ယာလုပ်ကိုင်သူများ နေထိုင်သလို အများစုဟာ လက်လုပ်လက်စားများ ဖြစ်တယ်လို့ အဆိုပါအုပ်စုမှာ နေထိုင်သူတစ်ဦးဆီက သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်မှုထမ်းများကို ဆေးစစ်ရန်ပြင်ဆင်နေစဥ်။
