မြေအောက်ရေ အလွန်အကျွံ့ထုတ်ယူနေတဲ့ ရန်ကုန်မြို့ရဲ့ အနာဂတ် ဘာတွေဖြစ်နိုင်လဲ


ရေဟာ  ကြည်လင်နေသော်လည်း အရသာမှာ ငန်ကျိနေသည်။ မျက်နှာသစ်လိုက်လျှင် လန်းဆန်း မသွားဘဲ အသားအရေများ ပျက်စီးလာသည်ဟု ခံစားရသည်။ ဆားငန်ရည်ကြောင့် ဘေစင်များ စိမ်းပြာရေညှီ အစွန်းအထင်းများ ဖြစ်လာကုန်သည်။ ဤသည်မှာ ပင်လယ်ကမ်းခြေဒေသတစ်ခု၏ အခြေအနေမဟုတ်၊ ရန်ကုန်မြို့လယ်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ တိုက်ခန်းနေပြည်သူများ နေ့စဉ်ကြုံတွေ့နေရသော လက်တွေ့ဘဝ ဖြစ်သည်။

 

“တချို့အိမ်ခန်းတွေ တစ်လမ်းတည်း (တွင်း) ပြန်တူးထားတာပဲ၊ ပြန်ငန်နေကြပြီ။ အလုံဘက်မှာဆိုရင် ရေငံတွေဘဲ ထွက်နေလို့ နောက်တတွင်း ထပ်တူးလဲ ငန်တာပဲ” ဟု ကြည့်မြင်တိုင်မြို့နယ်တွင် (၃၅) နှစ်ကြာ နေထိုင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

 

သူမ၏ စကားများသည် ရန်ကုန်မြို့ကြီး ရင်ဆိုင်နေရသော “မမြင်နိုင်သည့် မြေအောက်အန္တရာယ်” နှင့် “ရန်ကုန် မြစ်ကမ်းနားတစ်လျှောက် ရေငန်တိုးဝင်လာခြင်း” ကို မီးမောင်းထိုးပြနေသည်။

 

လျှပ်စစ်မီးမမှန်ခြင်း၊ စည်ပင်သာယာရေ (ဂျိုးဖြူရေ) လုံလောက်စွာ မရရှိခြင်းတို့ကြောင့် ရန်ကုန်လူထုသည် မြေအောက်ရေကိုသာ အဓိကအားထားလာရသည်။

“စစချင်းတုန်းက ဂျိုးဖြူရေဘဲသုံးတာ ကိုယ်ပိုင်လုံးချင်းနေတုန်းကလဲ ဂျိုးဖြူ ရေကိုဘဲ သုံးခဲ့ကြတာ၊ နောက်ပိုင်းကျတော့ ဂျိုးဖြူရေက မလာတာက များတယ်လေသိလား ‌မီးမလာခဲ့လို့ရှိရင်လဲ အချိန်နဲ့ ပေးကြတယ်၊ လာတဲ့ အချိန် နည်းတာနဲ့ သုံးစွဲမှု များတဲ့နေရာနဲ့ကျတော့ အဆင်မပြေတာတွေကြောင့် အကုန်လုံးက အဝီစီတွင်းတူးကုန်ကြတာပေါ့” ဟု အဆိုပါ ကြည့်မြင်တိုင်နေ အမျိုးသမီးက ရှင်းပြသည်။

 

ရန်ကုန်မြို့တွင် စက်ရေတွင်းပေါင်း (၃) သိန်းခန့် ရှိနိုင်ကြောင်း ပညာရှင်များမှ ခန့်မှန်းထားသော်လည်း တိကျသော စာရင်းဇယားနှင့် ထိန်းချုပ်မည့် ဥပဒေ မရှိပေ။

 

““အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ” ဆိုတဲ့စကားကြားဖူးမှာပါ၊ အဲဒီလိုဘဲ မြေအောက်ရေနှင့် စက် ရေတွင်းများဆိုင်ရာဥပဒေ၊ နည်းဥပဒေများမရှိ၊ ဥပဒေဆိုင်ရာစည်းမျဥ်း၊ စည်းကမ်းမရှိ ဖြစ်နေတဲ့နိုင်ငံ၊ တွင်းတူးသူကလဲ တူး၊ ခိုင်းတဲ့သူနဲ့ တူးခစျေးနှုန်းသဘောတူရင် တူးနေကြတာ၊ ဘယ်အဖွဲ့အစည်းထံကမျှ အမိန့်တောင်းခံစရာမလို”ဟု  မြေအောက်ရေဆိုင်ရာ အကြံပေး ဦးမြင့်သိန်း (မောင်ကျေးရေ) က လက်ရှိအခြေအနေကို ပြောပြသည်။

 

အထိန်းအချုပ်မဲ့ မြေအောက်ရေထုတ်ယူသုံးစွဲမှု၏ နောက်ဆက်တွဲအဖြစ် မြေနိမ့်ကျမှု (Land Subsidence) ပြဿနာ ဖြစ်ပေါ်နေသည် ဟု ပညာရှင်များနှင့် သုတေသနစာတမ်းများကဆိုသည်။

 

စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ်၏ လေ့လာချက်အရ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ရန်ကုန်၏ အချို့နေရာများတွင် တစ်နှစ်လျှင် သုည ဒသမ ၀၁ စင်တီမီတာမှ ၇ ဒသမ ၅ စင်တီမီတာအထိ မြေနိမ့်ကျမှု ဖြစ်ပွားနေကြောင်း သတိပေးထားသည်။ အဆိုပါ မြေနိမ့်ကျမှုတွင် တောင်ဒဂုံမြို့နယ်သည် အဆိုးရွားဆုံး ဒေသအဖြစ် ပါဝင်နေပြီး နှစ်စဉ် ၇ ဒသမ ၅ စင်တီမီတာနှုန်းဖြင့် နိမ့်ကျနေကြောင်း ဖော်ပြထားသည်။

“မြေနိမ့်ကျမှုကို Maximum / minimum range ပေးထားတာ ကျယ်လွန်းတယ်။ နောက်ပြီး အခြေခံလိုအပ်သော Reference Level ဆိုတာ ရှိရပါတယ် အဲဒီလိုပဲ သူ့လေ့လာချက်၏ ၂၀၁၄ ခုနှစ်ကရှိ နေတဲ့မြေမျက်နှာပြင် Level က ဘယ်လောက်လဲ၊ ဘယ် Level ကနေ သူပြောတဲ့တန်ဖိုးတွေ နိမ့်ကျသွား တာလဲ။ ပြန်မေးစေလိုပါသည်” ဟု မြေအောက်ရေဆိုင်ရာ အကြံပေး ဦးမြင့်သိန်း (မောင်ကျေးရေ) က ထောက်ပြသည်။

 

တောင်ဒဂုံမြို့နယ်တွင် နှစ် (၃၀) ကျော် နေထိုင်သူတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ယခုလို ပြောပြသည်။

 

“လမ်းတွေမကောင်းတော့ ကွန်ကရစ်တွေ ထပ်တင်ရင်း ထုထည်ကြီးပြီး မြင့်တက်သွားတယ်။ အိမ်တွေက အောက်ကို ရောက်သွားတော့ လိုက်မြှင့်တင်ရတယ်။ မလုပ်နိုင်တဲ့သူတွေအတွက်တော့ အခက်အခဲပေါ့” ဟု ၎င်းက YouTube မှတစ်ဆင့် ရန်ကုန်မြေအောက်ရေ ခန်းခြောက်မှု သတင်းများကို ကြည့်ရှုရင်း ရေချိုခမ်း ခြောက်လာပြီး ရေငန်တွေ ဝင်လာမှာကို တကယ်ကြောက်ရွံ့နေမိသည် ဟု ရင်ဖွင့်သည်။

 

“မြေအောက်ရေ သုံးစွဲမှုကြောင့် အချို့ဒေသတွေက၊ အချို့ရပ်ကွက်တွေက ပင်လယ်ဆားငန်ရေ တိုးလာတာကြောင့် ရေတွေ သုံးလို့မရတော့ဘူး” ဟု မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က ပြောစကားနှင့် ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပန်းလှိုင်မြစ် မြစ်ကမ်းဘေးတလျှောက်တွင် ရှိသော မြို့နယ်များနှင့် ရပ်ကွက်တွေမှာ ပင်လယ်ရေငန်ဝင်ရောက်မှု ပြဿနာကို ခံစားနိုင်ရပြီး အထူးသဖြင့် အထပ်မြင့် အဆောက်အဦတွေနဲ့ လူနေသိပ်သည်းတဲ့ ဒေသတွေမှာ ပိုပြီး ဆိုးရွားလာနိုင်ကြောင်း မြေအောက်ရေဆိုင်ရာ အကြံပေး ဦးမြင့်သိန်း က သတိပေးချက်များမှာ ပင်လယ်ရေငန်များ ( မြေအောက်ရေချိုရေအောင်းလွှာထဲသို့ စားထိုး ဝင်ရောက်လာခြင်းသည် ရန်ကုန်မြို့အတွက် အဆိုးရွားဆုံး ခြိမ်းခြောက်မှုဖြစ်ကြောင်း သိသာ ထင်ရှားနေသည်။

ရေချိုရှားပါးလာသောအခါ ပြည်သူများသည် ရေတွင်းများကို  နက်သထက် နက်အောင် တူးလာကြသည်။ သို့သော်လည်း အမှန်တရားမှာ တွင်းပိုနက်လေ ရေအရည်အသွေး ညစ်ညမ်းလေဖြစ်ပြီး နောက်ဆုံးတွင် သုံးစွဲ၍မရသော အခြေအနေသို့ ရောက်ရှိသွားရသည်။ ဤသို့ဖြစ်ရခြင်းမှာ အနက်ပိုင်းရောက်လေ၊ မြေသဘာဝ အမျိုးအစားပြောင်းလာသည်နှင့်အမျှ ခိုအောင်းနေသော မြေအောက် အရည်အသွေးလည်း ပြောင်းလဲလာသောကြောင့်ဖြစ်သည်။ ဘူမိဗေဒ၊ ဇလဘူမိဗေဒဆိုင်ရာ သဘောတရားအရ၊ မြေသဘာဝသက်တမ်းကြာလေ ခိုအောင်းနေသောရေအရည်အသွေး မတူပါ။

 

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတွေကို မျှဝေပေးနေ‌သော အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦး က ဤအခြေအနေကို “သံသရာလည်နေသော ပြဿနာဆိုး (Vicious Cycle)” ဟု တင်စားသည်။

 

မြေအောက်ရေ အလွန်အကျွံထုတ်ယူခြင်းသည် ငလျင်အန္တရာယ်ကိုပါ ဖိတ်ခေါ်နေကြောင်း ပညာရှင်များက ပြောပြသည်။

 

“၂၀၂၅ မတ် ၂၈ ကလှုပ်သွားတဲ့ ပြင်းအားကြီးတဲ့ ငလျင်ပြီးတဲ့နောက်မှာ သတိထားရမယ့် နေရာဒေသတွေ စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်စွန်းစွန်း အပိုင်းကနေ လှုပ်မယ့် ပဲခူး Segment (ပြတ်ရွေ့ကြော) ကလှုပ်ခတ်မယ်ဆို အကျိုးသက်ရောက်မှုများနိုင်တဲ့ မြို့တွေက ပဲခူး၊ ရန်ကုန်ဖြစ်တယ်” ဟု ငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က သတိပေးသည်။

 

ရန်ကုန်မြို့ရဲ့ အနောက်ဘက်ခြမ်း (လှိုင်၊ ကမာရွတ်) တွင် မြေသား အမျိုးအစား ကောင်းပြီး၊ အရှေ့ဘက်ခြမ်း (တောင်ဒဂုံ၊ မြောက်ဒဂုံ) တင် မြေသားအမျိုးအစား နူးညံ့သော ဧရိယာတွေ ဖြစ်ကြပါသည်။

 

“မြေသားက နူးညံ့နေရင် (ငလျင်လှိုင်းကို) ကြီးမားသွားအောင် amplify အစချဲ့စေတဲ့ ဂုဏ်သတ္တိ ရှိစေတယ်၊ လာမယ့် ပဲခူး Segment (ပြတ်ရွေ့ကြော) ငလျင်လှုပ်ခတ်မှုတွင် ရန်ကုန်သည် အကျိုးသက်ရောက်မှု ကြီးမားနိုင်ကြောင်း” ဒေါက်တာမျိုးသန့်က သတိပေးသည်။

 

ရန်ကုန် တိုက်ခန်းအများစုသည် မြေညီထပ်တွင် မော်တော်ယာဉ်များ ရပ်နားရန်အတွက် နေရာလွတ်ရစေရန် နံရံများမပါရှိဘဲ တိုင်လုံးသက်သက် ဆောက်လုပ်လေ့ရှိခြင်းကြောင့် ငလျင်ဒဏ် ခံနိုင်ရည် အလွန်နည်းပါးကြောင်း ၊ ဒါအပြင် ရန်ကုန်မြို့ တိုက်ခန်းများရှိ  စက်ရေတွင်း အများစုသည် လှေကားအောက်၊ တိုက်နောက်၊ ဘေးဘယ်ညာ အနီးကပ် ကပ်တူးထားတာကြောင့် ငလျင်ဖြစ်ပေါ်လာချိန် ဆိုးရွားစွာ သက်ရောက်မှုများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် ထားသင့်ကြောင်း ပညာရှင်များက သတိပေးထားသည်။

ထိုင်းနိုင်ငံတွင် မြေအောက်ရေနှင့် သက်ဆိုင်သည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို နှစ်ကာလ အတော်ကြာကတည်းက ပြဌာန်းထားပြီး သုံးစွဲသူ၊ တူးဖော်သူတွေက စနစ်တကျ ဥပဒေ၊ နည်းဥပဒေအတိုင်း လိုက်နာဆောင်ရွက်နေကြသည်။

 

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မြေအောက်ရေထုတ်ယူသုံးစွဲမှုနှင့် ပတ်သက်ပြီး မြေအောက်ရေဆိုင်ရာ ပညာရှင်များအဖွဲ့က နှစ်စဉ် မြေအောက်ရေဖြည့်တင်းမှု၊ ထုတ်ယူမှု (Recharge and discharge) ကို တွက်ချက်တာတွေ၊ သုတေသနပြုတာတွေကိုဆောင်ရွက်ကြောင်း မြေအောက်ရေ ဆိုင်ရာ အကြံပေးက ရှင်းပြသည်။

 

ထိုင်းနိုင်ငံတွင် စက်ရေတွင်းများကို ရေမီတာတပ်ထားပြီး ထုတ်ယူမှုကို ရေမီတာခဖြင့် ထိန်းချုပ်သည့် Real Time Groundwater Monitoring System ဖြင့် ထုတ်ယူသုံးစွဲခွင့်ပြုပြီး တွင်းတူးလိုင်စင်ရှိသူမှသာ တူးခွင့်ရှိသည်။ အဆိုပါ ဆောင်ရွက်ချက်များကြောင့် လွန်ခဲ့သော နှစ်များက ဖြစ်ပေါ်ခဲ့သည့် မြေနိမ့်ကျမှုများကို ပြန်လည်စစ်ဆေးပြီး မြေအောက်ရေထုတ်ယူခြင်း စက်ရေတွင်းတူးဖော်ခြင်းများကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၌ ၁၉၈၈ ခုနှစ်မှ စတင်ပြီး မြေအောက်ရေထုတ်ယူမှုကို မည်သည့်ဥပဒေနှင့်မျှ ထိန်းချုပ်မှု မရှိတော့ခြင်းသည် အခုအချိန်အထိဆို ၃၇ နှစ်ကြာနေပြီဟု ဦးမြင့်သိန်းက ထောက်ပြသည်။

 

၂၀၁၉ ခုနှစ်တွင် အများပြည်သူ အကြံပြုနိုင်ရန် ထုတ်ပြန်ခဲ့သော မြေအောက်ရေ စီမံခန့်ခွဲမှု ဥပဒေကြမ်းသည် ၂၀၂၁ ခုနှစ် လွှတ်တော်သစ်တွင် သမ္မတက လက်မှတ်ထိုး အတည်ပြုရန် စီစဉ်ထားခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားခဲ့ရပြီး လက်ရှိအချိန်အထိ ပြဋ္ဌာန်း နိုင်ခြင်း မရှိသေးပေ။

 

ရေနှင့်ပတ်သက်သည့် Mother Law ဟု ခေါ်နိုင်သော အမျိုးသားရေဥပဒေသည်လည်း အာဏာသိမ်း

စစ်ကော်မရှင် လက်ထက်တွင် စတုတ္ထမူကြမ်းအဆင့်၌သာ ရှိနေဆဲဖြစ်ပြီး ဥပဒေတစ်ရပ်အဖြစ် မပြဋ္ဌာန်း နိုင်သေးချေ။

 

၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာမသိမ်းခင်က ရန်ကုန်မြို့၏ ရေပေးဝေရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ကြီးမားသော ပြင်ဆင်မှုများ ရှိခဲ့ကြောင်း ပညာရှင်များက ပြောပြပါသည်။

 

ရန်ကုန်မြို့ရေပေးဝေရေးပြဿနာကို ဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံ (JICA) ၏ ODA Loan ဖြင့် မဟာ ရန်ကုန်ရေပေးဝေရေး တိုးတက်မှုစီမံကိန်း (Greater Yangon Water Supply Improvement Project)၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ အတိုးမဲ့ချေးငွေ ဒေါ်လာသန်း (၁၀၀)  ဖြင့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်း (AIRBM)၊  ကမ္ဘာ့ဘဏ် ချေးငွေ ဒေါ်လာ (၁၁၆) သန်းဖြင့်  ရန်ကုန်တိုင်းအတွင်း ရေကြီးရေလျှံမှု၊ သဘာဝဘေးအန္တရာယ်နှင့် အဆောက်အအုံများ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်သော မြန်မာနိုင်ငံ နှင့် အရှေ့တောင်အာရှဒေသ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုစီမံကိန်း နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေ ဒေါ်လာ သန်း (၁၈၀)  ဖြင့်  ရန်ကုန်မြို့တော် ရေဖူလုံရေးစီမံကိန်း များကို ဆောင်ရွက်ခဲ့ကြသည်။

 

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငမိုးရိပ် ရေလှောင်တမံမှ ရန်ကုန်မြို့လယ် (Downtown) သို့ သောက်သုံးရေ သွယ်ယူမည့် ရန်ကုန်မြို့တော် ရေဖူလုံရေးစီမံကိန်း  (Yangon City Water Resilience Project)၊ မဟာရန်ကုန် မြေအောက်ရေ စနစ်တကျ ထိန်းသိမ်းပေးဝေရေး (Greater Yangon Sustainable Groundwater Supply Project) နှင့် မြစ်ဝကျွန်းပေါ်ဒေသ မြေအောက်ရေ စောင့်ကြည့်ရေး စနစ် (Delta Groundwater Monitoring System Pilot Project) တို့ကို လည််း ၂၀၂၁ ခုနှစ်မတိုင်ခင်က စီစဉ်ဆောင်ရွက်ခဲ့ကြသည်။

 

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မြန်မာစစ်တပ်အာဏာသိမ်းမှုကြောင့် ထိုစီမံကိန်းအားလုံးကို ရပ်တန့်သွာခဲ့သည်။ နိုင်ငံခြားသား ပညာရှင်များ ပြန်လည်ထွက်ခွာသွားကြပြီး၊ နိုင်ငံတကာမှ ချေးငွေနှင့် ထောက်ပံ့ငွေများလည်း ရပ်ဆိုင်းသွားခဲ့ရသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) သည် ရန်ကုန်တမြို့လုံးကို ငမိုးရိပ်‌‌ရေလှောင်တမံကရေအပြည့် အဝ ပေးနိုင်ပါက မြေအောက်‌ရေထုတ်ယူမှုကိုရပ် ဆိုင်းမည်ဟုစီ စဥ်ထားသော်လည်းမပေးနိုင် သောကြောင့် စက်ရေတွင်းများ ထပ်မံတူး၍ ရေဖြည့်ပေးနေရသည်မှာ ယနေ့အထိပင်ဖြစ်ကြောင်း၊ အရင်က စည်ပင်ရေဖြည့်တွင်း ၄၅၀ ကျော်သာရှိခဲ့ရာက ယခု ၅၀၀ ကျော်သွားသည် ဟု ဦးမြင့်သိန်းက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းများ ရပ်တန့်သွားရပြီးနောက်ပိုင်း ဖြစ်ပေါ်နေသော အခြေအနေကို ပြောပြသည်။

 

“တိုင်းပြည်က စစ်အုပ်ချုပ်ရေး လက်အောက်ရောက်နေတာရယ်၊ မြေအောက်ရေ ဥပဒေ မရှိတာရယ်တွေက၊ လူတွေမှာ စားဝတ်နေရေး၊ ရှာဖွေစားသောက်နေရသည့် ကာလမှာ ဘယ်သူက လာလုပ် နိုင်မှာလဲ။ ဘာလိုမျှ ထိန်းကြောင်း၊ ပြုပြင်၍ မရနိုင်သည့် အခြေအနေ ဖြစ်နေပါသည်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံတော်အဆင့်မှ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးအစီအမံများ အားနည်းနေသည့်အတွက် ဒေသအလိုက် ပညာရှင်များပါဝင်သော ရပ်ကွက်၊ မြို့နယ်အဆင့် အဖွဲ့ငယ်များဖွဲ့စည်းပြီး ရေထုတ်ယူမှုကို စနစ်တကျ စီမံခန့်ခွဲခြင်းအပါအဝင် ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို ရေးဆွဲလုပ်ကိုင်သွားရန် လိုအပ်ကြောင်း ပညာရှင်များက အကြံပြုကြသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခများ၏ နောက်ဆက်တွဲ နေရပ်စွန့်ခွာ လာရသူများနှင့် အလုပ်အကိုင်ရှာဖွေရန် ရန်ကုန်သို့ ရွေ့ပြောင်းနေထိုင်သည့် လူဦးရေ တိုးပွားလာသည်နှင့်အမျှ  မြေအောက်ရေ ထုတ်ယူသုံးစွဲမှုသည် လည်း သိသိသာသာ များပြားလာသည်။     မြေအောက်ရေကို စနစ်တကျ စီမံခန့်ခွဲခြင်း မရှိပါက သန့်စင်ကောင်းမွန်သော မြေအောက်ရေ (ရေချို)  အရင်းအမြစ်များ လျော့နည်း ကုန်ခမ်းသွားနိုင်ကြောင်း မြေအောက်ရေပညာရှင် ဦးမြင့်သိန်းက သတိပေးထားသည်။

 

“လက်ရှိအတိုင်း ဆက်သွားနေမယ်၊ ရာသီဥတု ပြောင်းလဲမှုက လဲ ဆက်လက်ဖြစ်ပေါ်နေမယ်၊ ရန်ကုန်မြို့ရဲ့ မြေအောက် ဖြည့်တင်းရေ (Recharge) က လည်း ဘယ်လောက်ဖြည့်တယ်ဆိုတာ ဘယ်သူမျှ မသိဘူး။ ရေထုတ်ယူမှု (Discharge) က သာ တိုးတိုးလာမယ်ဆိုရင် လာမယ့် ၅ နှစ်-၁၀ နှစ်အတွင်း မြေအောက်ရေမျက်နှာပြင်  နိမ့်ကျနေသည်ထက်ပို နိမ့်ကျလာနိုင်မယ်၊ ရေထွက်နှုန်း ကျလာနိုင်မယ်၊ ရေအရည်အသွေး ကျလာမယ်၊ ရေငန်တိုးဝင်မှု ဧရိယာ ကျယ်ပြန့်လာမယ်”ဟု ဦးမြင့်သိန်းက အသေးစိတ်ရှင်းပြသည်။

 

ပညာရှင်များက မြေအောက်ရေ အလွန်အကျွံထုတ်ယူသုံးစွဲမှု၏ နောက်ဆက်တွဲ အန္တရာယ်များကို သတိပေးနေသော်လည်း လက်တွေ့မြေပြင်တွင် ပြည်သူများအနေဖြင့် အစားထိုးနိုင်သော ရေအရင်းအမြစ်များ မရှိသဖြင့် ရွေးချယ်စရာ နည်းပါးသည့် အခြေအနေဖြစ်သည်။

 

အဆိုပါ အခြေအနေနှင့်စပ်လျဉ်း၍  စာရေးဆရာတစ်ဦးက “Awareness တော့ ပေးပါတယ်၊ ဒါပေမဲ့ တဖက်က စည်ပင်ရေရဖို့ အရင်းအမြစ်တွေ လုပ်ဆောင်‌မပေးနိုင်ဘူးဆိုရင် ပေါင်မုန့်မရှိရင် ကိတ်မုန့်စားလို့ ပြောတာနဲ့ တူသွားလိမ့်မယ်လေ” ဟုဆိုသည်။

 

“မရှိမဖြစ် လိုအပ်တဲ့ အရာက ဒီရေဆိုတော့၊ အဝီစီတွင်းရေက ငန်ရင် ဂျိုးဖြူ(ရေ)၊ ဂျိုးဖြူ (ရေ)က အလုံအလောက်မပေးနိုင်ရင် မိုးရေခံသုံးပေါ့” ဟု ကြည့်မြင်တိုင်မြို့နယ်တွင် (၃၅) နှစ်ကြာ နေထိုင်နေသော အမျိုးသမီးတစ်ဦး၏ စကားသံသည် တစ်အိမ်ထောင်ကို ကိုယ်စားမပြုဘဲ ရေငန်ဝင်ရောက်မှု၊ မြေနိမ့်ကျမှု၊ ငလျင်အန္တရာယ်များနှင့် ရင်ဆိုင်နေရသော ရန်ကုန်တစ်မြို့လုံးရှိ ပြည်သူများ အားလုံး၏ ဘုံပြဿနာ အခက်အခဲကို ထင်ဟပ်နေသည်။

 

“မြေအောက်ရေဆိုင်ရာဥပဒေမရှိ၊ ဘာမရှိ၊ ညာမရှိ၊ နိုင်ငံကလည်း မတည်ငြိမ်၊ ရာသီဥတုကလဲ ပြောင်းလဲလာဆိုရင် မဝေးတော့သည့်အနာဂတ်မှာ မျှော်လင့်မထားသော သောက်သုံးရေရှားပါးလာခြင်း၊ မြေအောက်ရေထုတ်ယူမှု ခက်ခဲလာခြင်း၊ ရှိထားပြီးသော မြေအောက်ရေ အရည်အသွေး ကျဆင်းလာခြင်းတို့ကို ပိုမို ကြုံတွေ့နိုင်မည်” ဟု မြေအောက်ရေဆိုင်ရာ အကြံပေး ဦးမြင့်သိန်းက သတိပေးထားသည်။

 

ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာစီမံကိန်းများ ရပ်တန့် သွားပြီး ခိုင်မာသော ဥပဒေကင်းမဲ့နေချိန်တွင် လက်ရှိ မြေအောက်ရေ ထုတ်ယူသုံးစွဲသည့် ပုံစံအတိုင်း ရှေ့ဆက်သွားရန် မဖြစ်နိုင်တော့ပါ။ ယခုအချိန်သည် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းကာ ရပ်ရွာအခြေပြု ရေစီမံခန့်ခွဲမှုစနစ်များနှင့် အစားထိုးရေအရင်းအမြစ် ရှာဖွေခြင်းတို့ကို ချက်ချင်း အကောင်အထည်ဖော်ရမည့် အချိန်ဖြစ်သည်။ ပြည်သူလူထု၏ စုပေါင်းအားသည်သာ အဓိက ထွက်ပေါက်ဖြစ်ပြီး၊ စနစ်ကျသော ပြင်ဆင်မှုများကို ယခုအချိန် စတင်မှသာ ရန်ကုန်၏ မမြင်နိုင်သော မြေအောက်ရေ အန္တရာယ်ကို ကျော်လွှားနိုင်မည် ဖြစ်သည်။

 

“This story was supported by Internews’ Earth Journalism Network”