ရိုးရာဓလေ့နဲ့ သိပ္ပံပညာကို ပေါင်းစပ်ပြီး မြေကမ္ဘာကို ထိန်းသိမ်းနေတဲ့ အမျိုးသမီးတွေ
“ရေသောက်သူသည် ရေကို စောင့်ရှောက်ရမည်၊ မြေပေါ်မှာ နေသူသည် မြေကို စောင့်ရှောက်ရမည်” ဆိုတဲ့ ကရင်ရိုးရာ စကားပုံအတိုင်း ကရင်ပြည်နယ်ရဲ့ ထူထပ်တဲ့ တောတောင်နဲ့ သဘာဝကို အသိပညာနဲ့ ထိန်းသိမ်း ကာကွယ်နေတဲ့ အမျိုးသမီးတွေရှိနေပါတယ်။
ကရင်ပြည်နယ်လို လက်နက်ကိုင်အဖွဲ့ အများအပြားနဲ့ စစ်ရေးအခြေအနေ ရှုပ်ထွေးတဲ့ ဒေသမှာ ဌာနေကရင်အမျိုးသမီးတချို့ စုစည်းပြီး ပဋိပက္ခတွေကို ခါးစည်းခံရင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သုတေသန လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုရှိပါတယ်။

သူတို့ကို Women’s Research Group (အမျိုးသမီးသုတေသနအဖွဲ့) လို့ ခေါ်ပြီး ကရင်ပြည်နယ်၊ မူတြော်ခရိုင် (Mutraw District) (KNU၊ တပ်မဟာ ၅) အတွင်းရှိ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်နယ်မြေမှာ အခြေစိုက်ပါတယ်။
သူတို့ဟာ ကရင့်တော်လှန်ရေးနဲ့ စစ်ပွဲတွေအကြား မျိုးဆက်တစ်ခုနဲ့ တစ်ခု လက်ဆင့်ကမ်းလာတဲ့ ရိုးရာအသိပညာတွေကို သိပ္ပံနည်းကျ နည်းလမ်းတွေနဲ့ ပေါင်းစပ်ပြီး ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝ ပတ်ဝန်းကျင်ကို “အသိပညာ ဗဟုသုတထိန်းသိမ်းထားသူများ” အဖြစ် မှတ်တမ်းတင်နေတာလည်း ဖြစ်ပါတယ်။
သက်တမ်း ၁၀ နှစ်ဝန်းကျင်ရှိပြီးဖြစ်တဲ့ Women’s Research Group (WRG) ဟာ သုတေသနစာတမ်းနဲ့ စာအုပ်တွေ၊ မျိုးစိတ်အသစ်နဲ့ ရှားပါးမျိုးစိတ်တွေလည်း အများအပြား ရှာဖွေမှတ်တမ်းတင်နိုင်တဲ့အထိ အောင်မြင်မှု မှတ်တမ်းတွေ စိုက်ထူထားနိုင်ခဲ့ပါပြီ။
“ကျွန်မတို့ရဲ့ အဓိက အိပ်မက်က စစ်ပွဲနဲ့ ပဋိပက္ခတွေ မရှိဘဲ သဘာဝတရားနဲ့အတူ ငြိမ်းချမ်းစွာ ရှင်သန် နေထိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုကမ္ဘာကြီးဟာ အရမ်းကိုလှပနေတဲ့ အခိုက်အတန့်တွေ ဖြစ်နေမှာပါ။ အသတ်ခံရမယ့် ဘေး၊ အိုးအိမ်စွန့်ခွာပြေးရမယ့် ဘေးတွေကနေ တိရစ္ဆာန်တွေရော၊ လူတွေရော မကြောက်ရဘဲ ကျွန်မတို့ရဲ့ သစ်တောနဲ့ ဒေသတွေမှာ ကိုယ်ပိုင်ရိုးရာဓလေ့တွေကို အသိအမှတ်ပြုခံပြီး နေထိုင်ချင်ပါတယ်။ ဒါက ကျွန်မတို့ရဲ့ ကြီးမားတဲ့ အိပ်မက်ပါ။ ဒါက ကျွန်မတို့ သုတေသနတွေ လုပ်ရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်” လို့ Women’s Research Group ရဲ့ ပြောရေးဆိုခွင့်ရှိသူ မမူးမူးက ပြောပါတယ်။
ကရင်ပြည်နယ်ထဲက ဌာနေကရင်အမျိုးသမီးတွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ပြုစုစောင့် ရှောက်သူ သက်သက်သာမဟုတ်ဘဲ ရိုးရာဓလေ့ အသိပညာကို ထိန်းသိမ်းထားသူတွေ၊ သုတေသနသမားတွေ၊ ထိန်းသိမ်းရေးခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာကို Women’s Research Group က သက်သေပြနေပါတယ်။

WRG ကို စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင် ၂ ဦးသာ ရှိခဲ့ပေမယ့် လက်ရှိမှာ အမြဲတမ်း ဝန်ထမ်းအဖွဲ့ဝင် ၅ ဦးအထိ ရှိလာပါပြီ။ အဲဒီအဖွဲ့ဝင် ၅ ဦးဟာ မတူညီတဲ့ ကျေးရွာ၊ မတူညီတဲ့ မိသားစု နောက်ခံတွေနဲ့ မတူညီတဲ့ အထူးစိတ်ဝင်စားမှု၊ ကျွမ်းကျင်မှုတွေနဲ့ပါ။
“သူတို့မှာ မတူညီတဲ့ အမြင်တွေ ရှိကြပါတယ်။ မတူညီတဲ့ ကျွမ်းကျင်မှုတွေလည်း ရှိပါတယ်။ ဒါဟာ အဖွဲ့အတွက် အကျိုးရှိပါတယ်။ ဥပမာ – တစ်ယောက်က ငါးသုတေသနမှာ ဦးဆောင်ပြီး၊ နောက်တစ်ယောက်က ငှက် ဒါမှမဟုတ် တခြား သုတေသနတွေမှာ ဦးဆောင်တာမျိုးဖြစ်ပါတယ်” လို့ မမူးမူးက ပြောပါတယ်။
ကရင်ရိုးရာလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ မိသားစုစားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် အပင်တွေ၊ ဆေးဖက်ဝင်အပင်တွေ၊ သဘာဝရင်းမြစ်တွေကို အကျွမ်းတဝင်အရှိဆုံး လူတွေ ဖြစ်ပါတယ်။
ဒါကြောင့် WRG က သုတေသနတွေ ပြုလုပ်တဲ့အခါမှာ သိပ္ပံနည်းကျ နည်းလမ်းတွေ သာမက ကရင်ရိုးရာ အသိပညာတွေကို အောင်မြင်စွာ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။

Women’s Research Group နဲ့ စစ်အာဏာသိမ်းမှု
အာဏာမသိမ်းမီက WRG ဟာ ကွင်းဆင်း သုတေသနတွေကို ပုံမှန်လုပ်နိုင်ခဲ့ပြီး လူကိုယ်တိုင် တက်ရောက်ရတဲ့ သင်တန်းတွေကို ကျေးရွာတွေမှာ လွတ်လွတ်လပ်လပ် ပေးနိုင်ခဲ့ပါတယ်။
သင်တန်းကို အနီးနားရွာက လူငယ်အမျိုးသမီးတွေကိုပါ ဖိတ်ခေါ်ပြီး သင်တန်းပေးနိုင်သလို ခရီးသွားလာရေးမှာလည်း အန္တရာယ်ဖြစ်မှာ စိုးရိမ်စရာ မလိုအပ်ခဲ့ပါဘူး။
တခြားအမျိုးသမီးအဖွဲ့တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်သလို သုတေသနတွေ့ရှိချက်တွေကိုလည်း လွတ်လပ်စွာ မျှဝေနိုင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုက WRG ရဲ့ သုတေသနလုပ်ငန်းတွေကို သက်ရောက်မှု ကြီးသလို အခြေအနေတွေက အများအပြား ပြောင်းလဲသွားပါတယ်။ လက်ရှိမှာ သုတေသနတစ်ခု လုပ်ချင်ရင် KNU ရဲ့ သစ်တောဌာန KFD၊ ဒေသအာဏာပိုင်အဖွဲ့တွေနဲ့ အမျိုးသမီးတွေ သုတေသန သွားလုပ်ဖို့ အန္တရာယ် ရှိ၊ မရှိကို အရင်ဆုံး တိုင်ပင်ဆွေးနွေးရပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရသလို နေရာဒေသကို ကျွမ်းကျင်တဲ့ ဒေသခံတွေရဲ့ အကူအညီကိုလည်း ရယူရပါတယ်။
ဒီအဖွဲ့က ကျေးရွာအသီးသီးမှာ သင်တန်းပေးထားတဲ့ အမျိုးသမီးနဲ့ ဒေသခံပြည်သူတွေဟာ အာဏာသိမ်းပြီးနောက် သစ်တောနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ သုတေသနလုပ်ငန်းတွေ ရှေ့ဆက်လုပ်ကိုင်နိုင်ဖို့ အကျပ်အတည်းကာလ ကြံ့ကြံ့ခံနိုင်မှုရဲ့ ပြယုဂ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
“အာဏာသိမ်းပြီးနောက် အဓိက ကွာခြားချက်က သုတေသနပြုလုပ်မှုတွေကို ဒေသခံတွေက ဦးဆောင်တဲ့ “ဒေသအခြေပြု (Localized)” ဖြစ်လာတာပါပဲ။ ကျွန်မတို့ အများစုက အချက်အလက်ကောက်ယူမှုတွေ မလုပ်နိုင်တဲ့ အခြေအနေမှာ ဒါက ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှု ဖြစ်ပါတယ်။ ဒေသခံတွေက သူတို့ သွားတဲ့ နေရာတိုင်း၊ အချိန်တိုင်းမှာ ကင်မရာနဲ့ မှတ်စုစာအုပ်တွေ သယ်သွားတယ်။ စိတ်ဝင်စားစရာ တစ်ခုခု တွေ့လာပြီဆိုရင်၊ အရင်က ကျွန်မတို့ မှတ်တမ်းတွေမှာလည်း မရှိသေးတဲ့ အရာတွေဆိုရင် သူတို့က ဓာတ်ပုံရိုက်တယ်။ မှတ်တမ်းတွေ ချရေးထားတယ်။ တိရစ္ဆာန်ဖြစ်ဖြစ်၊ အပင်ဖြစ်ဖြစ် တစ်ခုခုပေါ့နော်” လို့ Women’s Research Group ရဲ့ ပြောရေးဆိုခွင့်ရှိသူ မမူးမူးက ပြောပါတယ်။

WRG ရဲ့ မှတ်တိုင်တချို့
အခုနှစ်ပိုင်းထဲ Women’s Research Group ဟာ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲမှာ သစ်ခွ၊ ငါး၊ မှိုမျိုးစိတ်တွေနဲ့ပတ်သက်တဲ့ စာအုပ်၊ စာတမ်းတွေကို သုတေသနပြု ထုတ်ဝေခဲ့ပြီး လာမယ့် နှစ်ဆန်းပိုင်းမှာ ရိုးရာဆေးဖက်ဝင်အပင်တွေအကြောင်း သုတေသနပြု စာအုပ်ထုတ်ဝေသွားဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။
သူတို့အနေနဲ့ မူတြော် (ဖာပွန်) ခရိုင်၊ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲရှိကျေးရွာပိုင်ဘုံသစ်တောတွေဖြစ်တဲ့ ကဆောထယ်နဲ့ သောသီဖော်ဂေါ်သစ်တောမှာ ပြုလုပ်ခဲ့တဲ့ သစ်ခွပန်း သုတေသနမှာ သစ်ခွမျိုးစု ၃၇ မျိုးက ဆင်းသက်လာတဲ့ သစ်ခွမျိုးစိတ် ၁၂၁ မျိုးကို မှတ်တမ်းတင်ပြုစုနိုင်ခဲ့ပါတယ်။
အဲဒီမျိုးစိတ်ထဲက Paphiopedilum Villosum (ဒေသအခေါ် ဖေါနာဒဲ) သစ်ခွမျိုးစိတ်ဟာ IUCN (နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့) ရဲ့ သတ်မှတ်ချက်အရ IUCN Vulnerable အဆင့်သတ်မှတ်ခံထားရပြီး ကူးသန်းရောင်းဝယ်ခြင်း တားမြစ်ထားတဲ့ မျိုးစိတ်ပါ။ အခြားသစ်ခွမျိုးစိတ် ၉၄ မျိုးဟာ CITES ရဲ့ အဆင့်အတန်းသတ်မှတ်ချက် နောက်ဆက်တွဲ (ခ) စာရင်းဝင်မျိုးစိတ်တွေ ဖြစ်ပါတယ်။
မှိုသုတေသနမှာ မျိုးစိတ်ခွဲခြားသတ်မှတ်နိုင်တဲ့ မှိုမျိုးစိတ် ၁၆၀ နဲ့ မျိုးစိတ်မခွဲခြားနိုင်တဲ့ မှိုမျိုးစိတ် ၂၈ မျိုးကို မှတ်တမ်းတင်ပြုစုနိုင်ခဲ့ပါတယ်။
မှိုမျိုးစိတ် ၉၈ မျိုးကို ဒေသခံတွေ စားသုံးပြီး၊ ၆ မျိုးကို အစားအစာနဲ့ ဆေးဝါးအဖြစ် အသုံးပြုသလို မှိုမျိုးစိတ် ၂၀ မျိုးဟာ ရိုးရာဆေးဝါးအဖြစ် အသုံးပြုကြောင်း၊ မှိုမျိုးစိတ် ၁ မျိုးဟာ မီးလောင်မှုဖြစ်စေသလို ၂၁ မျိုးကိုတော့ ဒေသခံတွေ စားသုံးမှု မရှိပေမယ့် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

WRG ရဲ့ သက်တမ်းအတွင်း တခြားသုတေသနပြုထားမှုတွေလည်း အများအပြားရှိပြီး တချို့မျိုးစိတ် သုတေသနဟာ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် ပြုလုပ်ရကာ နှစ်ချီအချိန်ယူပြီးမှ အတည်ပြု၊ ထုတ်ဝေနိုင်ခြင်း ဖြစ်ပါတယ်။
တချို့တွေ့ရှိချက်တွေဟာ IUCN Red List စာရင်းအရ ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်နေတဲ့ ရှားပါးတဲ့ သားငါးတွေ၊ သစ်ပင်ပန်းမန်တွေဖြစ်နေခြင်းကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒေသခံလူထုကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာတွေ၊ ကရင်ရဲ့ ရိုးရာဓလေ့အရ အရေးပါတဲ့ မျိုးစိတ်နဲ့ အပင်တွေအကြောင်းကိုလည်း KNU ရဲ့ သစ်တောဌာန၊ မွေးမြူရေးဌာနတို့နဲ့ ပူးပေါင်းပြီး WRG အနေနဲ့ အသိပညာပေးမှုတွေ လုပ်နေပါတယ်။ သင်တန်းတွေလည်း ထပ်မံပေးနိုင်ဖို့ကတော့ ကြိုးစားစီစဉ်နေဆဲပါ။
“ပြေးရင်းလွှားရင်း အိမ်တွေ မီးရှို့ခံရတဲ့အချိန်မှာ ကျွန်တော်တို့က ဒီလိုမျိုးအလုပ်တွေ လုပ်နေတယ်။ သုတေသနကို သိပ္ပံပညာနဲ့ ဒေသခံတွေရဲ့ ရိုးရာအသိပညာ ဗဟုသုတနဲ့ပေါင်းပြီး လုပ်နေတာက ကျွန်တော်တို့ရဲ့ အောင်မြင်မှုလို့ ပြောလို့ ရပါတယ်။ ကျွန်တော်တို့က စစ်ပွဲဖြစ်နေတာကို ဒီအတိုင်းပဲ လက်လျှော့ အရှုံးမပေးဘဲနဲ့ ကိုယ့်မှာ ရှိတဲ့ အင်အား၊ အရည်အချင်းနဲ့ ကမ္ဘာမှာ တကယ့်ကို အရေးကြီးတဲ့ Conservation (ထိန်းသိမ်းရေး) နဲ့ပတ်သက်ပြီး တစ်ဖက်တစ်လမ်းကနေ ပါဝင်နိုင်တဲ့အတွက် ဒေသခံတွေကိုလည်း ထောက်ပံ့နိုင်တဲ့ အခြေအနေ ရှိပါတယ်” လို့ Karen Environmental and Social Action Network (KESAN) မှ Wildlife and Biodiversity Conservation Program ရဲ့ Coordinator စောမူးရှီးက ပြောပါတယ်။
WRG ရဲ့ သုတေသနပြုတွေ့ရှိချက်တွေကြောင့် တချို့တောတောင်နေရာကို KNU၊ ဒေသခံ လူထုနဲ့ ပူးပေါင်းပြီး ဒေသခံထိန်းသိမ်းရေးနယ်မြေအဖြစ် တည်ထောင်နိုင်မှုလည်း ရှိပါတယ်။ ထိန်းသိမ်းရေးဆိုင်ရာ စီမံမှုစနစ်တွေ၊ စည်းမျဉ်းတွေကို ပိုမိုအားကောင်းလာစေဖို့လည်း ထောက်ပံ့ကူညီနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

WRG ရဲ့ လုပ်ငန်းတွေဟာ လက်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်သာမက အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီကို သွားရာမှာ ဌာနေတိုင်းရင်းသားတွေရဲ့ သယံဇာတ စီမံခန့်ခွဲနိုင်ရေး ပြင်ဆင်ထားမှုအဖြစ်လည်း အကျိုးရှိပါတယ်။
အခုနှစ် ကျင်းပတဲ့ ဆဋ္ဌမအကြိမ်မြောက် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အထွေထွေ ညီလာခံမှာ ဥယျာဉ်ရဲ့ အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ စောဖေါလ်စိန်ထွားက မိမိတို့ရဲ့ အခွင့်အရေးတွေကို နေပြည်တော်မှာ တောင်းဆိုတာထက် ကိုယ့်ဘိုးဘွားနယ်မြေပေါ်မှာ မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်တွေ့ကျင့်သုံးသွားမယ်လို့ ပြောခဲ့ပါတယ်။
သုတေသနရဲ့ အကျိုးကျေးဇူးတွေကြောင့် ကရင်ရိုးရာ အသိပညာတွေ ပိုမိုထင်ရှားလာစေပြီး တန်ဖိုးတက်အောင် လုပ်နိုင်ခဲ့သလို ပြည်တွင်းပြည်ပလူတွေ သို့မဟုတ် အဖွဲ့အစည်းတွေက ပိုမိုသိမြင်လာကာ အသိအမှတ် ပြုလာကြရတာ ဖြစ်ပါတယ်။
“အမျိုးသမီးသုတေသနအဖွဲ့ ပေါ်ပေါက်လာပြီးနောက်မှာ လူထုရဲ့ အမြင်၊ ခံယူချက်တွေ အများကြီး ပြောင်းလဲသွားတယ်လို့ ကျွန်မထင်ပါတယ်။ အပြင်လူတွေအနေနဲ့လည်း အမျိုးသမီးတွေ ဘယ်လိုစုစည်းကြသလဲ၊ သုတေသနတွေ ဘယ်လိုလုပ်ကြသလဲဆိုတာကို သိချင်လာကြပါတယ်” လို့ Women’s Research Group က မမူးမူးက ပြောပါတယ်။

WRG ရဲ့ ရှေ့ခရီးနဲ့ အဟန့်အတားများ
Women’s Research Group ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုမှာ လုံခြုံရေးဖြစ်ပြီး ဒါကြောင့် အဖွဲ့သားတွေရဲ့ ဘေးကင်း လုံခြုံရေးကို ပထမဦးစားပေးအဖြစ် ထားရှိပြီး လုပ်ကိုင်တယ်လို့ သိရပါတယ်။
စစ်ရေးပဋိပက္ခတွေ၊ စစ်အင်အားတိုးချဲ့မှုတွေနဲ့ တစ်ခါတစ်ရံမှာ နေရပ်စွန့်ခွာစစ်ဘေးရှောင်ရမှုကြောင့် WRG နဲ့ အဖွဲ့ဝင်တွေဟာ အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်ရလေ့ ရှိပါတယ်။
တချို့ WRG အဖွဲ့ဝင်တွေဟာ မိသားစုအရေးကိစ္စ၊ ကိုယ်ဝန်ဆောင် မီးဖွားခြင်းနဲ့ မိဘဘိုးဘွားတွေကို ပြုစုစောင့်ရှောက်ဖို့ လိုအပ်မှုကြောင့် သုတေသန လုပ်ငန်းခွင်ကနေ အနားယူသွားခြင်းမျိုးလည်း ရှိပါတယ်။
ဒီလိုအခြေအနေတွေမှာ သုတေသနလုပ်ငန်းတွေ ကြန့်ကြာရပြီး သုတေသနကာလကို ထပ်မံတိုးမြှင့်ရလေ့ ရှိပေမယ့် ဒေသခံလူထုနဲ့ အဖွဲ့ဝင်တွေရဲ့ အပြန်အလှန်ယုံကြည်မှုကို အခြေခံကာ ဒီလိုစိန်ခေါ်မှုတွေကို ဖြတ်ကျော်ရတယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင်တွေရဲ့ အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ထောက်ပံ့ကူညီမှုတွေ ပေးသလို သူတို့အရည်အသွေး မြှင့်တင်ပေးမှုတွေ ပြုလုပ်ပေးပြီးလည်း စိန်ခေါ်မှုတွေကို ကျော်လွှားနေကြပါတယ်။
သုတေသနဆိုင်ရာ ပစ္စည်းကိရိယာတွေအပါအဝင် အရင်းအမြစ်နဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရပေမယ့်လည်း ပြည်တွင်းပြည်ပက ကျွမ်းကျင်သူတွေ၊ တက္ကသိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေး ပိုမိုအားကောင်းလာနေတဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ တရားမဝင် သစ်ခိုးထုတ်မှုတွေ ရှိနေသလို ကရင်ပြည်နယ်မှာလည်း တရားမဝင်သစ်ခိုးထုတ်မှုတွေ ဖြစ်ပွားနေဆဲပါ။
“ထိန်းနိုင်တဲ့ နေရာမှာတော့ ဆက်ပြီး ထိန်းနေတုန်းပေါ့နော်။ နေရာတိုင်းတော့ ထိန်းလို့ မရဘူး” လို့ KESAN မှ Wildlife and Biodiversity Conservation Program ရဲ့ Coordinator စောမူးရှီးက ပြောပါတယ်။
WRG ရဲ့ မျှော်မှန်းချက်တွေထဲမှာ ကရင်အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးမှာ ခေါင်းဆောင်တွေအဖြစ် ပါဝင်လာရေးနဲ့ ပေါ်ထွက်လာရေးဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ အသံတွေကို အမျိုးသားတွေ၊ ခေါင်းဆောင်တွေ၊ ပြည်သူတွေက နားထောင်ပေးပြီး လူထုနဲ့ ဆွေးနွေးတိုင်ပင်တဲ့ အစည်းအဝေးတွေမှာ ပါဝင်ဆုံးဖြတ်ခွင့် ရရှိစေရေးလည်းပါဝင်ပါတယ်။
“ကျွန်မတို့ရဲ့ အဓိက အိပ်မက်က စစ်ပွဲနဲ့ ပဋိပက္ခတွေ မရှိဘဲ သဘာဝတရားနဲ့အတူ ငြိမ်းချမ်းစွာ ရှင်သန် နေထိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုကမ္ဘာကြီးဟာ အရမ်းကိုလှပနေတဲ့ အခိုက်အတန့်တွေ ဖြစ်နေမှာပါ”လို့ မမူးမူးက သူ့ရဲ့ မျှော်လင့်ချက်ကို ဖွင့်ဟပါတယ်။
ဓာတ်ပုံ – Karen Environmental and Social Action Network
“This story was supported by Internews’ Earth Journalism Network”
