ဗီယက်နမ်ရေကြီးမြေပြိုမှုအတွင်း ပြည်သူ ၄၃ ဦးထက်မနည်း သေဆုံးခဲ့ရကာ နေအိမ် ၅၀,၀၀၀ ကျော် ထိခိုက်
ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ အခုတစ်ပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ပြည်သူ ၄၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၉ ဦးဝန်းကျင် ပျောက်ဆုံးတယ်လို့ ဗီယက်နမ်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သုံးရက်အတွင်း မိုးရွာသွန်းမှုများပြားခဲ့တာကြောင့် ဒတ်လတ်နဲ့ လမ်ဒုံပြည်နယ် ဒေသအများအပြားမှာ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး ဒေသခံနေအိမ် ၅၂,၀၀၀ ကျော် ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကာ ပြည်သူ တစ်သန်းကျော် လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။

ဗီယက်နမ် ဆည်မြောင်းစီမံခန့်ခွဲမှုနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဒီနေ့ နိုဝင်ဘာ ၂၁ ရက်အထိ ဒတ်လတ်မှာ ၁၆ ဦး သေဆုံးခဲ့ပြီး ခန်ဟွာမှာ ၁၄ ဦး၊ လမ်ဒုံမှာ ၄ ဦး၊ ဂျားလိုင်းမှာ ၃ ဦး၊ ဟူးဝေးနဲ့ ဒါနန်းမှာ ၂ ဦးစီ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရက်ဆက်မိုးရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုတွေရှိခဲ့ပြီး လမ်ဒုံပြည်နယ် ဒါနိမ်မြစ်ကူးတံတားကို မနေ့ မနက်ပိုင်းကတည်းက ပိတ်ထားခဲ့ရတယ်လို့ ဗီယက်နမ်ဒေသတွင်း သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ရေကြီးရေလွှမ်းမိုးမှုကြောင့် နေအိမ် ၁၆၇ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ၅၂,၀၀၀ ကျော် ရေလွှမ်းမိုးနစ်မြုပ်ခဲ့ပြီး ဒတ်လတ်က နေအိမ် ၂,၃၀၀၊ ဂျားလိုင်းက နေအိမ် ၁၉,၂၀၀ နဲ့ ခန်ဟွာက နေအိမ် ၉,၀၀၀ ကျော် ရေလွှမ်းမိုးနစ်မြုပ်မှု ရှိခဲ့တာပါ။ ဒါ့အပြင် ဒတ်လတ်လေဆိပ်ကိုလည်း မနေ့ ၂၀ ရက်ကတည်းက ပိတ်ထားခဲ့ရပြီး မီးရထားလမ်း ရေကျော်မှုကြောင့် ခရီးသည်ပို့ဆောင်ရေး ရထားခရီးစဉ်တွေလည်း ရပ်နားထားရတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်အလယ်ပိုင်း ဒေသတွင်း ရေလွှမ်းမိုးမှုကြောင့် ဒေသတွင်းစီးပွားရေး ထိခိုက်နစ်နာမှုရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဗီယက်နမ်အာဏာပိုင်တွေက ခန့်မှန်းတွက်ချက်ထားပါတယ်။
ရက်သတ္တပတ်လုံး မိုးရွာသွန်းမှုကြောင့် ကော်ဖီစိုက်ခင်းအများအပြား ရေလွှမ်းမိုးမှုတွေရှိခဲ့ပြီး ကော်ဖီခူးဆွတ်ရာသီမှာ မိုးရွာသွန်းမှုကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ကော်ဖီကုန်သည်တွေကလည်း ပြောဆိုထားကြပါတယ်။
ရေလွှမ်းမိုးတဲ့ဒေသတွေက ပြည်သူတွေကို ဗီယက်နမ်စစ်တပ်က အမှုထမ်း ၁၈,၀၀၀၊ ကယ်ဆယ်ရေးလှေ ၄၄၁ စီးနဲ့ ရဟတ်ယာဉ် ၄ စီးတို့ကို အသုံးပြုပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေသလို ရေဘေးသင့်ပြည်သူတွေအတွက် အကူအညီအထောက်အပံ့တွေကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – VNEPress
