ကျားဖြန့်အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးနေတယ်လို့ စစ်အုပ်စုပြောပေမဲ့ မပျက်စီးဘဲ ကျန်နေတဲ့ အဆောက်အအုံတွေရှိနေဆဲလို့ AFP ထုတ်ဖော်

Author CJ Platform
Categories
Published on Nov 13, 2025

ကရင်ပြည် မြဝတီမြို့တောင်ဘက် KK Park ထဲမှာရှိတဲ့ အဆောက်အအုံတွေထဲက ၁၅၀ နီးပါးကို ဖြိုချဖျက်ဆီးခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ အများအပြားဟာ အကောင်းအတိုင်း ကျန်ရှိနေတယ်လို့ AFP သတင်းဌာနက ထုတ်ဖော်ရေးသားလာပါတယ်။

 

အခု နိုဝင်ဘာ ၉ ရက်က ဂြိုလ်တုဓာတ်ပုံတွေကနေတဆင့် ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေကို AFP သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပြီး စစ်အုပ်စုရဲ့ အဆောက်အအုံဖြိုချဖျက်ဆီးမှုဟာ KK Park ဝင်းထဲမှာရှိတဲ့ အဆောက်အအုံတွေရဲ့ လေးပုံတစ်ပုံမျှသာရှိတယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကတော့ မနေ့ နိုဝင်ဘာ ၁၂ ရက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး KK Park ဝင်းထဲမှာရှိတဲ့ အဆောက်အအုံတွေထဲက ၁၄၈ လုံးကို ဖြိုချဖျက်ဆီးခဲ့တယ်လို့ နိုင်ငံတကာသံတမန်တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို ပြောဆိုခဲ့ပါတယ်။

 

ဒါဟာ ပထမအဆင့် ဖြိုချဖျက်ဆီးမှုသာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ အဆောက်အအုံတွေကိုလည်း ဆက်လက်ဖြိုချမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးသန်းဆွေက ဆက်ပြောထားပါတယ်။ ဒါပေမဲ့ စစ်ကော်မရှင်လက်အောက်ခံ The Global New Light of Myanmar သတင်းစာရဲ့ နိုဝင်ဘာ ၉ ရက်နေ့ သတင်းဖော်ပြမှုမှာတော့ “လက်ရှိမှာ အဆောက်အအုံအားလုံးကို ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်တယ်” လို့ ဆိုပါတယ်။

 

ဂြိုလ်တုကနေတဆင့် AFP သတင်းဌာနက ရိုက်ယူရရှိခဲ့တဲ့ ဓာတ်ပုံတွေအရ အခုလို KK Park ဝင်းထဲက အဆောက်အအုံအများစု အကောင်းတိုင်းကျန်ရှိနေမှုဟာ ကျားဖြန့်နှိမ်နင်းမှုကို စစ်အုပ်စုက အကန့်အသတ်နဲ့သာ လုပ်ဆောင်နေတာဖြစ်ပြီး အခုလို အဆောက်အအုံအချို့ကို ဖြိုချဖျက်ဆီးမှုဟာ ဟန်ပြလုပ်ဆောင်မှုသာဖြစ်တယ်လို့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ အကြီးတန်းကျွမ်းကျင်သူ ဂျေဆင်တာဝါ (Jason Tower) ကလည်း AFP သတင်းဌာနကို ပြောပါတယ်။

 

စစ်အုပ်စုရဲ့ KK Park ဝင်းထဲက အဆောက်အအုံဖြိုချဖျက်ဆီးမှုတွေကို AFP သတင်းဌာနက Planet Labs PBC ဂြိုလ်တုကနေတဆင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကနေ အခု နိုဝင်ဘာ ၉ ရက်နေ့အထိ စောင့်ကြည့်ခဲ့ချိန် အဆောက်အအုံ ၂၂ ခုသာ ပျက်စီးခဲ့ပြီး ၈၀ ဝန်းကျင်ဟာ လုံးဝပျက်စီးမသွားဘဲ ထိခိုက်မှုသာရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါဟာ ဂြိုလ်တုဓာတ်ပုံတွေကနေတဆင့် ခြေရာခံစောင့်ကြည့်မှုအရသာ တွေ့ရှိရတာဖြစ်ပြီး မြေပြင်အခြေအနေကို သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးဘူးလို့ AFP က ဆိုပါတယ်။

 

KK Park အနီးဝန်းကျင်မှာရှိနေတဲ့ ဒေသခံပြည်သူတွေကတော့ KK Park ဝင်းထဲက ပေါက်ကွဲမှုတွေကို ပြီးခဲ့တဲ့တစ်ပတ်ကတည်းက မကြာခဏ ကြားနေရလို့ ပြောဆိုမှုတွေရှိနေပြီး စစ်ကော်မရှင်လက်အောက်ခံ MRTV သတင်းမှာတော့ အဆောက်အအုံ ဖောက်ခွဲဖြိုချမှုတွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – AFP