အိန္ဒိယ၊ တင်နိုပယ်ခရိုင်က မြန်မာစစ်ဘေးရှောင်တွေ တစ်လအတွင်း နေရပ်ပြန်ဖို့ စာနဲ့ သတိပေးခံရ

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင်၊ နာဂကျေးရွာတွေမှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်တွေကို တစ်လအတွင်း နေရပ်ပြန်ဖို့ ဒေသတွင်းနာဂအဖွဲ့က စက်တင်ဘာ ၁၀ရက်နေ့မှာ စာနဲ့ သတိပေးလိုက်တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
သတိပေးစာထဲမှာ မည်သည့်အတွက်ကြောင့် အခုလို မြန်မာစစ်ဘေးရှောင်တွေ နေရပ်ပြန်ခိုင်းရခြင်း အကြောင်းအရင်းကို ဖော်ပြထားခြင်းမရှိပေမယ့် တင်နိုပယ်ခရိုင်က စစ်ဘေးရှောင်တွေဟာ တစ်လအတွင်း ထွက်ခွာပေးရမှာ ဖြစ်ပါတယ်။
“စာထဲမှာက ထွက်ခွာခိုင်းရတဲ့ အကြောင်းတွေ မပါဘူး။ ကျွန်တော်တို့လည်း ဘာအတွက်ကြောင့် နှင်ထုတ်တာလည်းဆိုတာ မသိဘူး။ သတိပေးစာအရ မြန်မာစစ်ဘေးရှောင်တွေအားလုံး တစ်လအတွင်း ထွက်ခွာကြဖို့ပါ။ တစ်လအတွင်း အားလုံး ထွက်ခွာပေးရမှာပါ။” လို့ စစ်ဘေးရှောင်တာဝန်ရှိသူ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
မြန်မာစစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ သတိပေးစာနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ဘေးရှောင်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
“မြန်မာပြည်မပြန်ရေး စစ်ဘေးရှောင်တွေရဲ့ အခက်အခဲကို ကျေးရွာအုပ်ချုပ်မှူးဆီ တင်ပြဆွေးနွေးဖို့တော့ ရှိတယ်။ လောလောဆယ် တိုက်ပွဲတွေ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ နေ့စဉ်ရက်ဆက် သေဆုံးကြတာ ဘယ်လိုမှ မြန်မာပြည်ပြန်လို့ မဖြစ်ဘူး။ ဒါကြောင့် အတတ်နိုင်ဆုံး ညှိနှိုင်းဆွေးနွေးသွားကြမှာပါ။” လို့ စစ်ဘေးရှောင်တာဝန်ရှိသူ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
တင်နိုပယ်ခရိုင်က မြန်မာစစ်ဘေးရှောင်တွေဟာ စစ်ကိုင်းတိုင်း၊ ကလေး၊ တမူး စတဲ့ မြို့နယ်တွေက တိုက်ပွဲအတွင်း အိန္ဒိယဘက် ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေဖြစ်ပြီး လက်ရှိလည်း အဲဒီမြို့နယ်တွေမှာ တိုက်ပွဲတွေ ရှိသေးတာကြောင့် စစ်ဘေးရှောင်တွေဟာ နေရပ်ပြန်ဖို့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုးတွင်းကာလ နေရပ်ပြန်ပါက စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအပြင် ၎င်းတို့ နေရေးထိုင်ရေးအတွက် ပိုမိုခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။
“မြန်မာပြည်ရောက်တာနဲ့ နေဖို့ အိမ်ပြန်ဆောက်ရမယ်။ နောက်ပြီးတော့ စားဝတ်နေရေးအတွက် အလုပ်လုပ်ရမယ်။ မိုးတွင်းကာလ ရွာတွေဘက်မှာ ဘယ်အလုပ်မှ မရှိဘူး။ ယာတွေလုပ်မယ်ဆိုလည်း မိုးတွင်းဘက်ဆို အဆင်မပြေဘူး။ ပိုဆိုးတာက တိုက်ပွဲတွေကလည်း ရှိသေးတယ်။ တမူးဘက်မှာဆို နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်။” လို့ အသက် ၄၀ နှစ်အရွယ် တမူးမြို့နယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်တွေဟာ ဒေသခံတွေရဲ့ ကန့်သတ်မှုမျိုးစုံအပြင် နေရပ်ပြန်ဖို့ မကြာခဏ နှင်ထုတ်ခံရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကလည်း ကမ်ဂျွန်ခရိုင်က မြန်မာစစ်ရှောင်တွေကို ခရိုင်အုပ်ချုပ်ရေးအဖွဲ့က နေရပ်ပြန်ဖို့ မောင်းထုတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – မဏိပုရ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များကို တွေ့ရစဥ်။