ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာဟာ စစ်အုပ်စုက စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ APHR ပြော

Author CJ Platform
Categories
Published on Sep 15, 2025

ကလေးငယ်တွေ၊ မိသားစုဝင်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုတွေကို ထပ်ကာထပ်ကာ ကျူးလွန်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ (APHR) က ထုတ်ပြန်ထားပါတယ်။

 

အခု စက်တင်ဘာ ၁၂ ရက်က စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ကျောင်းသားတွေ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး APHR က ပြင်းပြင်းထန်ထန် ရှုတ်ချထားသလို ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကျောင်းသူ ၂၂ ဦးနဲ့ ကလေးအပါအဝင် ထိခိုက်ဒဏ်ရာရတဲ့ အပြစ်မဲ့ပြည်သူ ၂၀ ထက်မနည်း ရှိခဲ့ပါတယ်။

 

စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ချိန်ဟာ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသားကျောင်းသူတွေ သူတို့ရဲ့ အိပ်ဆောင်မှာ အိပ်ပျော်နေချိန်ဖြစ်ပြီး စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ပေါင် ၅၀၀ ဗုံးနှစ်လုံးကို ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

သရက်တပင်ရွာကို ဗုံးကြဲတိုက်ခိုက်မှုမတိုင်မီ ၂ ရက်အလို စက်တင်ဘာ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်ကလည်း သရက်တပင်ရွာနဲ့ ဇီးချောင်းဆည် အနီးတစ်ဝိုက်က ကျေးရွာတွေကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဩဂုတ် ၂၅ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ဒိုင်းကျီရပ်ကွက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၅ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

 

စစ်အုပ်စုရဲ့ အဆင်အခြင်မဲ့ အခုလို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုခံရမှာကို စိုးရိမ်ကြောက်ရွံ့စိတ်နဲ့ နေထိုင်နေရတယ်လို့ APHR က ဆိုပါတယ်။

 

“မိသားစုဝင်တွေနဲ့ ကလေးတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေဟာ စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ အစီအစဉ်တကျ လုပ်ဆောင်နေတာဖြစ်တယ်။ စာသင်ကျောင်းတွေ၊ လူတွေနေအိမ်တွေကို စစ်အုပ်စု ဗုံးကြဲတာဟာ လူသားတွေရဲ့ အသက်ကို လျစ်လျူရှု တန်ဖိုးမထားသလို ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတာလည်း ဖြစ်တယ်” လို့ APHR ဥက္ကဋ္ဌလည်းဖြစ်၊ အင်ဒိုနီးရှားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ Mercy Chriesty Barends က ဆိုပါတယ်။

 

စစ်အုပ်စုရဲ့ ကျူးလွန်နေမှုတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နှုတ်ဆိတ်မနေဘဲ တားဆီးဖို့ လိုအပ်နေသလို ဒီမိုကရေစီကို လိုလားတဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့ ချက်ချင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

စာသင်ကျောင်းတွေ၊ နေအိမ်တွေ၊ အခြေခံအဆောက်အအုံတွေကို စစ်အုပ်စုရဲ့ အခုလို အကြိမ်ကြိမ်အခါခါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ အကြမ်းဖက်မှုကို သိသိသာသာ လုပ်ဆောင်နေတာဖြစ်ပြီး ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာရောက်သလို ဒါဟာ စစ်ရာဇဝတ်မှုကျူးလွန်မှုဖြစ်တယ်လို့လည်း APHR က ဆိုပါတယ်။

 

ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့တွေကို စစ်အုပ်စုက ပိတ်ဆို့တာ၊ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို အရှိန်မြှင့်ကျူးလွန်နေတာတွေကို ရပ်တန့်ပြီး ပဋိပက္ခဖြစ်ပွားရာဒေသတွေက ပြည်သူတွေကို အကူအညီအထောက်အပံ့ပေးနိုင်ဖို့အတွက် စစ်အုပ်စုက ခွင့်ပြုပေးဖို့ လိုအပ်တယ်လို့လည်း APHR က တောင်းဆိုထားပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး ချက်ချင်းလုပ်ဆောင်ဖို့ လိုအပ်ပြီး ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။