ဘူးလက်လှဆွေက ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကို နှိမ့်ချပြောကြား

ပြည်ခိုင်ဖြိုးပါတီရဲ့ နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ ဖြစ်သူ ဦးလှဆွေ (ခ) ဘူးလက်လှဆွေ က ပြည်ခိုင်ဖြိုးပါတီဟာ အဆင့်မြင့်ပါတီဖြစ်ပြီး ပါတီရဲ့ အောက်ခြေအဆင့် ပါတီဝင်တစ်ဦးဟာ အခြား နိုင်ငံရေးပါတီတွေမှာ တိုင်းဥက္ကဋ္ဌအထိ ဖြစ်နိုင်တယ်လို့ သူ့ရဲ့ Tik Tok လူမှုကွန်ရက်စာမျက်နှာကနေတဆင့် နှိမ့်ချပြောကြားလိုက်ပါတယ်။
ဦးလှဆွေက သူကျွေးမွေးစောင့်ရှောက်ခဲ့ရတဲ့ အောက်ခြေပါတီဝင်တွေဟာ ပါတီကနေထွက်သွားပြီး နောက်ထပ်ပါတီတစ်ခုကို ဝင်ရောက်ချိန်မှာ ချက်ခြင်းဆိုသလို မြို့နယ်ဥက္ကဋ္ဌ တိုင်းဥက္ကဋ္ဌတွေ ဖြစ်လာနိုင်ပြီး သူ့ကို ပုခုံးချင်းယှဉ်ပြီး ဆက်ဆံလာမှုဟာ ရယ်စရာကောင်းလှတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဆို CEC ဖြစ်ဖို့က မနည်းအချိန်အကြာကြီး စောင့်ပြီးမှ ကျွန်တော့်ကို CEC ပေးတယ်။ သူတို့မှာတော့ တိုင်းဥက္ကဋ္ဌတွေ မြို့နယ် ဥက္ကဋ္ဌတွေ ချက်ချင်းဖြစ်တယ်ဗျ ဝင်လိုက်တာနဲ့ တန်းဖြစ်တာ ကျွန်တော်တို့ပါတီက အောက်ခြေအဆင့် ပါတီဝင်လေးဟာ တခြားပါတီရောက်သွားရင် တော်တော်အဆင့်မြင့်တယ်ဆိုတာကို ပြောတာ”လို့ ဦးလှဆွေက ပြောပါတယ်။
ဒါ့အပြင် အဲဒီလို ကလေးတွေနဲ့ (အခြားပါတီမှ ကိုယ်စားလှယ်လောင်းများကို ဆိုလို) ယှဉ်ပြိုင်ရမှာ အေးဆေးပါလို့လဲ ဦးလှဆွေက ပြောပါတယ်။
ဦးလှဆွေဟာ ဒုဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ စစ်သားဟောင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအဖြစ် ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၅မှာ NLD ပါတီကို မဲအပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားတဲ့ အကြောင်းအရာတွေကို အမြဲတမ်းပြောလေ့ရှိသူဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ခုနှစ်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံရစဉ် တရားရင်ဆိုင်တာ မပြုဘဲ ဝရမ်းပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့သူလည်း ဖြစ်ပါတယ်။
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၈ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောကြားခဲ့အပြီး စစ်အုပ်စုလက်အောက်ခံ နိုင်ငံရေးပါတီတွေဟာ အချင်းချင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်လာကြတာပဲ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကိုတော့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုက လက်မခံကြကြောင်း ကြေညာချက်တွေ အသီးသီးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်