မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကလေးတစ်ဦး အပါအဝင် ၂ ဦး ထပ်မံသေဆုံး

Author CJ Platform
Categories
Published on Aug 28, 2025

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူတွေထဲက အပြစ်မဲ့ပြည်သူ နှစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ ဒါဟာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း စိုးရိမ်ရသူတွေထဲက ၂ ဦး ထပ်မံသေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

 

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်အုပ်စုက အခု ဩဂုတ် ၂၅ ရက် ညပိုင်းမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ချိန် အလှူလုပ်ဖို့ ပြင်ဆင်နေတဲ့ အိမ်တစ်လုံးပေါ် ပေါင် ၂၅၀ ဗုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အခုလို အများအပြား သေဆုံး ထိခိုက်ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။

 

စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုအတွင်း အစောပိုင်းက သေဆုံးသူ ၁၂ ဦး အထိရှိခဲ့ပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၂၀ ထဲက ၇ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာဖြစ်ပြီး အခု ထပ်မံသေဆုံးသူ ၂ ဦးဟာ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့လည်း ဖြစ်ပါတယ်။

 

မြောက်ဦးမြို့ကို ဗုံးကြဲတိုက်ခိုက်ပြီး နောက်တစ်ရက် ဩဂုတ် ၂၆ ရက်မှာ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ရွာကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ပါသေးတယ်။ စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကျောက်ခုတ်ရွာဟာ အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် သွားရောက်ခဲ့တဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပြီး အွန်လိုင်းပေါ် ဓာတ်ပုံတွေ ပျံ့နှံ့လာချိန် စစ်အုပ်စုက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်အုပ်စုက အခုရက်ပိုင်းအတွင်း ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့တို့ကိုလည်း ၂ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ သေဆုံးမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – APN