နေပြည်တော်မှာ မိုးများပြီး ရေကြီးတောင်ပြိုတာတွေကြောင့် လူသေဆုံးမှုတွေ ရှိနေ

နေပြည်တော်မှာ မိုးများပြီး ဒီကနေ့ ဩဂုတ်လ ၂၇ ရက်နေ့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အပြင် တောင်ပြိုတာတွေကြောင့် လူသေဆုံးထိခိုက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာ ရှိတဲ့ ပင်လောင်းလမ်းဆုံမှာ လမ်းရေကျော်နေတဲ့အပြင် ရေပိုများလာပြီး ရေစီးသန်နေတာကြောင့် သွားလာဖို့ ခက်ခဲနေပြီဖြစ်တယ်လို့ သိရပါတယ်။
“ရေက ဒီထက်ပိုပြီး တက်လာနိုင်တယ်။ တပ်ကုန်းကနေ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနား၊ အောက်ဘက်တွေကို ဆင်းလာနိုင်တယ်။ သကြားစက်ဘက်တွေမှာလည်း ရေဝင်ရောက်မှု ရှိနိုင်တဲ့အတွက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားတယ်” လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
နေပြည်တော်နဲ့ ကပ်လျက်ရှိတဲ့ ပေါင်းလောင်းမြို့၊ သပြေကုန်းကျေးရွာအုပ်စုက ဧဒင်ကျေးရွာမှာလည်း ယမန်နေ့ ညက မိုးများပြီး တောင်ပြိုကျမှုကြောင့် လူနေအိမ် ၁၀ လုံးခန့် ပြိုကျခဲ့ပြီး နှစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။
လက်ရှိမှာ နေပြည်တော်က တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်တွေမှာ ရေကြီးရေလျှံတာတွေကြောင့် ဒေသခံတွေ ရေဘေးလွတ်ရာကို ရှောင်နေကြရပြီး မီးသတ်တပ်ဖွဲ့နဲ့အတူ ကူညီကယ်ဆယ်ရေးအဖွဲ့ကလည်း ဝိုင်းဝန်းကူညီနေကြတယ်လို့ သိရပါတယ်။
အပူပိုင်းမုန်တိုင်း ကာဂျီကီဟာ လေပွေလှိုင်းအဖြစ် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အားလျော့သွားခဲ့ပြီး မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေဟာ ရှမ်းပြည်အရှေ့ပိုင်းကနေ ဒီနေ့မနက်မှာ စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီမုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေရဲ့ အရှိန်ကြောင့် နေပြည်တော်မှာ မိုးများ ဆက်တိုက် ရွာသွန်းနေတာဖြစ်ပြီး ယမန်နှစ် ရေကြီးရေလျှံ ဖြစ်ပွားမှုတွေလို ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဓာတ်ပုံ – CJ ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့