လေပြင်းကြောင့် အင်းလေးကန်အတွင်းက နေအိမ် ၁၀၀ ကျော် ပျက်စီး

Author CJ Platform
Categories
Published on Aug 27, 2025

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၁၂၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ဆီက သိရပါတယ်။

 

အင်းလေးဒေသမှာ မနေ့ ဩဂုတ်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် အိမ်ခြေ ၁၁၃ အိမ်ရှိတဲ့ ဟတ်ပုံးရွာက နေအိမ်တွေ ခေါင်မိုးလန် ပျက်စီးခဲ့ကာ နေအိမ် ၅၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေ ၁၇၆ လုံးရှိတဲ့ ကြေးပေါခုံအုပ်စု၊ ကန်ခေါင်းရွာမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၆၇ လုံးထိ ထိခိုက်ပျက်စီးခဲ့ရကာ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

 

ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာလည်း မနေ့ နေ့လယ်ပိုင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ၂ ကျောင်းနဲ့ လူနေအိမ်တွေ ခေါင်မိုးလန် ပျက်စီးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

 

အင်းလေးဒေသဟာ မြစ်ရေသတိပေးချက် ခရမ်းရောင်အဆင့် သတ်မှတ်ခံထားရပြီး ၃ လနီးပါးကြာ ရေကြီးနေကာ အခုအခါမှာ လေပြင်းတိုက်ခတ်တဲ့ ဘေးအန္တရာယ်ကိုပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

 

ဒီနေ့မှာလည်း အင်းလေးဒေသမှာ မိုးရွာသွန်းနေသလို အင်းလေးကန်အတွင်းကို ရေစီးဝင်ရာ ကလော၊ အောင်ပန်းနှင့် တောင်ကြီးမြို့နယ်တွေမှာ မိုးရွာသွန်းမှုတွေ ရှိနေတဲ့အတွက် ရေထပ်တိုးလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံ အထက်ပိုင်းတို့ကို ဖြတ်ကျော် ဝင်ရောက်လာတဲ့ ကာဂျီကီမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အပါအဝင် နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့တာပါ။

 

လေပွေလှိုင်းရဲ့ အရှိန်ကြောင့် ဒီနေ့ ဩဂုတ် ၂၇ ရက်က စတင်ပြီး ဩဂုတ် ၂၉ ရက်အထိ မြန်မာတစ်နိုင်ငံလုံး နေရာစိပ်စိပ်မှ နေရာအနှံ့အပြားအထိ မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ထားပါတယ်။

 

ဒါကြောင့် မိုးသည်းထန်စွာ ရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက် ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်နိုင်လို့ မြစ်ချောင်းကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ကြိုတင်သတိပြုကာ အချိန်မီ ရှောင်ရှားကြဖို့ကိုလည်း မိုးဇလက သတိပေးထားပါတယ်။

 

ဓာတ်ပုံ – Ell Phyoe