ဗိုလ်ချုပ်ထွန်းမြတ်နိုင် သွားရောက်ခဲ့တဲ့ ကျောက်ခုတ်ရွာကို စစ်အုပ်စုက ဗုံးကြဲ

အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် သွားရောက်ခဲ့တဲ့ ရခိုင်ပြည်၊ မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာကို စစ်အုပ်စုက ဒီကနေ့ဩဂုတ်လ ၂၆ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်မှာ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ခုတ်ကျေးရွာကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေရှိကြောင်း အမည်မဖော်လိုတဲ့ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အခုသေချာမသိရသေးဘူး။ ခုနကအထိ လေယာဉ်က ဝဲနေတော့ သေချာသွားမကြည့်နိုင်သေးဘူး။ အပျက်အစီး ထိခိုက်သေဆုံးမှု ရှိတယ်ပြောနေကြပေမဲ့ သေချာမပြောနိုင်သေးဘူး”လို့ သူကပြောပါတယ်။
အဲဒီပစ်ခတ်ခံရတဲ့ ကျောက်ခုတ်ရွာဟာ ဒီရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ် မှာ ပျံ့နှံ့ခဲ့တဲ့ AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် လူထုနဲ့တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံရဲ့ တည်နေရာဖြစ်ပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုရှိသလို နေအိမ်ထိခိုက်မှုရှိတယ်လို့ ပြောဆိုသော်လည်း ထိခိုက်ပျက်စီးမှု အသေးစိတ်ကို CJ Platform ကအတည်မပြုနိုင်သေးပါဘူး။
မနေ့က ဩဂုတ်လ ၂၅ ရက် ည ၁၁ နာရီ ၂၅ မိနစ်ခန့်မှာလည်း စစ်ကောင်စီက မြောက်ဦးမြို့နယ်၊ ဒိုင်းကျီရပ်ကွက်ကို ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်လို့ အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ULA/AA ကထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ– Today Arakan
ပုံစာ– AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် မင်းပြားမြို့၊ ကျောက်ခုတ်ရွာဒေသခံတွေနဲ့ တွေ့ဆုံနေစဉ်