မြစ်ကမ်းပါးပြိုကျရာမှ နေအိမ်နဲ့အတူ မြေးအဖွားနှစ်ဦးပါ မြစ်အတွင်းမျောပါ

Author CJ Platform
Categories
Published on Aug 26, 2025

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု ကန်းနားစုကျေးရွာမှာ ဩဂုတ် ၂၄ ရက် မနက် ၁ နာရီအချိန်က မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်နဲ့အတူ မြေးအဖွားနှစ်ဦး ဧရာဝတီမြစ်အတွင်း မျောပါသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ကမ်းပြိုကျချိန်ဟာ ညအိပ်ချိန်ဖြစ်နေတာကြောင့် နေအိမ်နဲ့ အတူ မြေးအဖွားနှစ်ဦး ပါသွားခဲ့တာဖြစ်ပြီး ဒေသခံ ကျေးရွာသားတွေက ပြန်လည် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

 

ည တစ်နာရီခွဲလောက်ကြီး ပြိုကျတာလေ၊ အိမ်ကအသံတွေမြည်လာလို့ ပစ္စည်းတွေချနေရင်း ရေထဲ တစ်အိမ်လုံးပါသွားတာ၊ ရေထဲပါသွားတာက နှစ်အိမ် တစ်အိမ်က လူပါပါသွားတာလို့ ကန်းနားစုကျေးရွာခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

ရေထဲပါသွားတဲ့ နေအိမ်က မြေအဖွားနှစ်ယောက်ဟာ အိမ်ခေါင်မိုးကနေ ဖောက်ထွက်နိုင်ခဲ့လို့ ကျေးရွာသားတွေက ကယ်တင်နိုင်ခဲ့တာလို့ လည်း သူကဆက်ပြောပါတယ်။

 

မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသူတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲတွေအပြင် စောင်ခြင်ထောင်တွေပါ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

ကန်းနားစုကျေးရွာဟာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ယမန်နှစ် ၂၀၂၄ ခုနှစ်ကတည်းက မြစ်ကမ်းပါးပြိုကျမှုတွေ ဖြစ်နေပြီး ကျေးရွာတစ်ခုလုံး အိမ်ခြေ ၂၀ ကျော်သာကျန်တော့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မြစ်ကမ်းပါးဟာ ဆက်လက်ပြိုကျနိုင်ဖို့ရှိနေတာကြောင့်  မလွတ်ကင်းတဲ့ နေအိမ်တချို့ ဖျက်ထားခဲ့ရပြီး အိမ်ပြန်မဆောက်နိုင်သူတွေလည်း ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

 

မြို့နယ်စစ်ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ ကျေးရွာတစ်ဝက်ကျော် ကမ်းပြိုမှုဒဏ်ခံစားရချိန်အထိ အကူအညီ မပေးတာကို သတင်းတွေမှာ ကျယ်ကျယ်ပြန်ပြန့်ထွက်ပေါ်လာပြီးနောက် နေအိမ်ဖျက်လိုက်ရသူတွေကို တစ်အိမ်ထောင် တစ်သိန်းကျပ် ကူညီပေးခဲ့တယ်လို့သိရပါတယ်။

 

ဒါ့အပြင် ပြောင်းရွှေ့စရာနေရာမရှိသူတွေကို မြို့နယ်စစ်ကော်မရှင်က ရန်ကုန်ပုသိမ်ကားလမ်းမအနီး တာဘေးမှာ ယာယီနေထိုင်ဖို့ နေရာသတ်မှတ်ပေးခဲ့ပေမဲ့ နေအိမ်တွေကိုတော့ ကူညီဆောက်လုပ်ပေးတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

 

အိမ်ဆောက်တဲ့ သက်တမ်းက နှစ်နှစ်ပဲ ဆောက်ခွင့်ရှိတယ်။ အထက်ကဖျက်ဆိုတဲ့ အခါကျ ဖျက်ပေးရမယ်ပေါ့။ အဲဒီလို စကားအခံပါတယ်။ နှစ်နှစ်အတွင်းတော့ ကိုယ့်ဟာကိုယ် အိမ်နေရာ ပိုင်ဆိုင်အောင်ကြိုးစားပေါ့လို့ ကန်းနားစုကျေးရွာက မြစ်ကမ်းပါးပြိုကျမှုဒဏ်ခံခဲ့ရသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ရန်ကုန်ပုသိမ် ကားလမ်းအနီးရှိ ကန်းနားစုကျေးရွာဟာ ဧရာဝတီမြစ်ကမ်းပါးပေါ်မှာ တည်ရှိပြီး တဆက်တစပ်တည်းရှိတဲ့ မြင်းကဒေါင်ကျေးရွာကလည်း ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ မြစ်ကမ်းပါးပြိုကျတာကြောင့် ကျေးရွာတစ်ရွာလုံး နီးစပ်ရာကို ပြောင်းရွှေ့လိုက်ရပါတယ်။

 

ကန်းနားစုကျေးရွာဟာ၂၀၂၄ခုနှစ်ကတည်းမြစ်ကမ်းပါးပြိုကျနေပြီးယခု၂၀၂၅ခုနှစ်မှာလေးပုံသုံးပုံခန့်ကွယ်ပျောက်သွားပြီဖြစ်လို့မြင်းကဒေါင်ကျေးရွာကဲ့သို့ရွာလုံးကျွတ်ပျောက်ဆုံးသွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။