စစ်ကော်မရှင် ရွေးကောက်ပွဲက စစ်တပ်စိတ်ကြိုက် လူရွေးပွဲသာဖြစ်လို့ လက်မခံကြောင်း KNU ဆို

အာဏာသိမ်းစစ်တပ်ဖြစ်တဲ့ စစ်ကော်မရှင်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ စစ်တပ်စိတ်ကြိုက် ရွေးချယ်မယ့် လူရွေးပွဲသာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်း ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။
ဒီရွေးကောက်ပွဲဟာ တရားဝင်မှု မရှိသလို၊ ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အခြေအနေလည်း မဟုတ်တဲ့အပြင် စစ်တပ်ကို အကျိုးပြုမယ့် လူနဲ့ ပါတီ ရွေးချယ်ပွဲသာ ဖြစ်တာကြောင့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းဖြင့် “အဆိပ်ပင် ရေလောင်းသည့် သမိုင်းတရားခံ” ဖြစ်သွားနိုင်သည့်အတွက် နည်းလမ်းပေါင်းစုံဖြင့် ရှောင်ရှားနိုင်ကြရေး ကြိုးပမ်းကြရန် လိုအပ်ပါသည်” လို့ KNU ဗဟိုက ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေဖို့သာ ဖြစ်ပြီး လက်ရှိ နိုင်ငံရေးအကြပ်အတည်းရဲ့ အဖြေမဟုတ်ဘဲ နိုင်ငံရဲ့ ပဋိပက္ခတွေကို ပိုပြီး ပြင်းထန်စေလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကော်မရှင်က သူကျင်းပမယ့် ရွေးကောက်ပွဲကို မဆန့်ကျင်နိုင်ဖို့ “ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” နဲ့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ” ကို ယခုလထဲမှာပဲ ပြင်ဆင်လိုက်ပါတယ်။
ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒမပါဝင်ဘဲ အကြောက်တရားနဲ့ ပါဝင်ရမယ့် အခြေအနေဖြစ်ပြီး အာဆီယံ (ASEAN) ဘုံသဘောတူညီချက် (၅) ရပ်ကိုလည်း မျက်ကွယ်ပြုရာ ရောက်တယ်လို့ KNU က ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ စစ်တပ်အကျိုးပြု လူနဲ့ ပါတီ ရွေးချယ်ပွဲကို နိုင်ငံရေးအင်အားစုတွေ၊ ပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူတစ်ရပ်လုံးက ပါဝင်ခြင်း မပြုကြဖို့နဲ့ ဆန့်ကျင်ကြဖို့ကို တိုက်တွန်းလိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးအဖြေကို ဦးတည်ကာ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံမှု ရှိဖို့ လိုအပ်ပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုကို အားလုံး သဘောတူညီမှုနဲ့ ရေးဆွဲပြဋ္ဌာန်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲကသာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ မြန်မာနိုင်ငံရေး ပဋိပက္ခတွေကို အဆုံးသတ်နိုင်မှာ ဖြစ်တယ်ဆိုတာကို အပြည့်အဝ ယုံကြည်တယ်လို့ KNU ဗဟိုက သဘောထား ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – pro SAC