အသိမ်းခံထားရတဲ့မြို့တွေအပါအဝင် တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကော်မရှင် ထုတ်ပြန်

လူမျိုးစုတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ (EROs)တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့မြို့တွေမှာပါ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က မနေ့ ဩဂုတ် ၁၅ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ မှာ မဲဆန္ဒနယ်တွေ သတ်မှတ်ခဲ့ပြီး အဲ့ဒီမဲဆန္ဒနယ်တွေထဲမှာ တော်လှန်ရေးအင်အားစုတွေ သိမ်းယူထိန်းချုပ်ထားတဲ့ ကရင်နီ(ကယား)၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေနဲ့ အခြားပြည်နယ်နဲ့တိုင်းက မြို့နယ်တွေပါဝင်နေပါတယ်။
မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၃၃၀ ထဲက ၆၇ မြို့နယ်ကို ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)က စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် ကျန်မြို့နယ် ၁၆၃ မြို့နယ်မှာ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်မှာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အစောပိုင်းက ယူဆခဲ့ကြပါသေးတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါင်း ၉၀ ကျော်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူထိန်းချုပ်ထားသလို ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။ ဒီလို သိမ်းဆည်းခံထားရတဲ့ မြို့တွေနဲ့ စစ်ရေးတင်းမာနေတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲကို ဘယ်လို အောင်မြင်အောင် ကျင်းပမလဲ ဆိုတာကို တော့ စစ်ကော်မရှင်က ထုတ်ဖော်ပြောကြားထားတာ မရှိသေးပါဘူး။
စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲက တော့ ပိုမိုရှုပ်ထွေးတဲ့ စနစ်တွေကို အသုံးပြုလာတာတွေ့ရပါတယ်။ ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော် အတွက် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) နဲ့ ကျင်းပပြီး အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေအတွက် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) ရောစပ်ထားတဲ့ ရောနှောအမတ် အချိုးကျ ကိုယ်စားပြုစနစ် (MMP) စနစ်ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ လွှတ်တော်သုံးရပ်လုံးအတွက် နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ လုံးမှာ မဲဆန္ဒနယ်တွေ သတ်မှတ်ထားပါတယ်။
လာမယ့် ဒီဇင်ဘာ နဲ့ နောက်နှစ် ဇန်နဝါရီလတွေမှာ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန် ပြည်တွင်းနဲ့ အာဆီယံအပါအဝင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ ဟန်ပြအတုအယောင်မျှသာဖြစ်ပြီး လက်ရှိ ပဋိပက္ခကို ပိုမိုကြီးထွားစေမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။ ပြည်တွင်းအင်အားစုတွေဖြစ်တဲ့ နယ်မြေထိန်းချုပ်ထားတဲ့ လူမျိုးစုတော်လှန်ရေးလက်နက်ကိုင် (EROs) အဖွဲ့အများစုနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ဖော်ပြောကြားထားကြပါတယ်။
စစ်အုပ်စုနဲ့နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ရုရှားကသာ စစ်အုပ်စုရွေးကောက်ပွဲကို ထောက်ခံကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဩဂုတ် ၁၄ ရက်က တွေ့ဆုံစဉ်မှာ ရွေးကောက်ပွဲကနေ အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ဖို့ နဲ့ ပြည်သူထောက်ခံမှုကို အာရုံစိုက်ဖို့ဆိုပြီး သံတမန်စကားနဲ့ တိုက်ပွဲတွေရပ်ဖို့က ပိုအရေးကြီးကြောင်း သွယ်ဝိုက်သတိပေးထားပါတယ်။