မြောင်းမြတွင် PDFများ ဝင်လာသည်ဟုဆိုကာ စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် လုံခြုံရေးယူနေ

Author စကားဝါ
Categories
Published on Oct 27, 2022

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် PDFများ ရေလမ်းအသုံးပြုကာ ဝင်ရောက်လာသည်ဟုဆိုကာ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် လုံခြုံရေး ရယူထားကြောင်း မြို့ခံများထံမှ သိရသည်။

စက်ကုန်းကျေးရွာ၊ ဘုရားကြီးနှင့် ကျေးသာတောင်ဘက်တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ကင်းပုန်းများချထားကာ လုံခြုံရေးယူထားခြင်းဖြစ်သည်။

“နှစ်ရက်ရှိပြီ (အောက်တိုဘာလ ၂၄ရက်နေ့မှ စတင်) ရေကြောင်းကနေ ဝင်လာတယ်ဆိုပြီးတော့ စက်လှေတွေကိုလည်းစစ်တယ် ပိုက်ဆံတောင်းတယ်၊ သူတို့စက်လှေတွေကိုလည်း ချောဆွဲထားတယ်၊ အင်အားမနည်းဘူး သူတို့အတော်ကြောက်ပုံရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

လုံခြုံရေးရယူနေသည့် စစ်ကောင်စီတပ်သားများသည့် ညအချိန် မြစ်ချောင်းများအတွင် ဖြတ်သန်းသွားလာသည့် စက်လှေများကို တားဆီကာ ပိုက်ဆံတောင်းယူခြင်းများ လုပ်ဆောင်နေခြင်းကြောင့် မြစ်ချောင်းများအတွင် သား၊ငါးရှာဖွေနေသည့် တံငါလုပ်ကိုင်သူများမှာလည်း အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။