အာဆီယံ၏ ထိပ်သီးအစည်းအဝေးပွဲများ အားလုံးကို စစ်ကောင်စီအား မဖိတ်ကြားရန် အရပ်ဘက်အဖွဲ့အစည်း ၄၅၀ ကျော်တောင်းဆို

Author လင်းခိုင်
Categories
Published on Oct 26, 2022

အာဆီယံ၏ ထိပ်သီးအစည်းအဝေးပွဲများအားလုံးကို အကြမ်းဖက် စစ်ကောင်စီအား ဖိတ်ကြားခြင်းမပြုရန် အရပ်ဘက်အဖွဲ့အစည်း ၄၅၇ ဖွဲ့က အောက်တိုဘာ ၂၅ ရက်တွင် တောင်းဆိုချက်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ နိုင်ငံရေးနှင့် နိုင်ငံရေးမဟုတ်သော ကိုယ်စားလှယ်အားလုံးကို ထိပ်သီးအစည်းအဝေးများနှင့် အခြားအစည်းအဝေးများသို့ ဖိတ်ကြားခြင်းကို ရပ်ဆိုင်းပြီး၊ ယင်းအစား အရပ်ဘက်အဖွဲ့အစည်းများနှင့် အမျိုးသား ညီညွတ်ရေးအစိုးရကို ပံ့ပိုးကူညီမှုများ လုပ်ဆောင်သင့်သည်ဟု တောင်းဆိုချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် လပေါင်း ၂၀ အတွင်း စစ်ကောင်စီသည် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် ရာဇ ၀တ်မှုများ အဆက်မပြတ်ကျူးလွန်ခဲ့ပြီး၊ အာဆီယံ ၏ ဘုံ သဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက လိုက်နာခြင်းမရှိကြောင်း ထုတ်ပြန်ထားသော်လည်း ယင်းထုတ်ပြန်ချက်သည် အချည်းနှီး သတိပေးချက် များသာ ဖြစ်သည်ဟု ဆိုသည်။

“အာဆီယံအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး လုပ်ဆောင်ချက်အစီအစဉ်အသစ်ကို အမြန်ဆုံးရေးဆွဲရပါမယ်” ဟု Progressive Voice ဥက္ကဌ ဒေါ်ခင်ဥမ္မာကပြောကြားသည်။

အာဆီယံအနေဖြင့် အုပ်ချုပ်ရေးဘုတ်အဖွဲ့၌ စစ်အ စိုးရပါ၀င်နေသည်ကို ရပ်တန့်ရန်နှင့် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးကာ၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်တန့်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေသည့် လူတစ်သန်းကျော်ကို ကူညီများပေးရမည်ဟု တောင်းဆိုချက်တွင် ရေးသားထားသည်။

“အာဆီယံအနေနဲ့ အထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်ကို ပြန်လည်ပြင်ဆင်သင့်ပြီး လူ့အခွင့်အရေးမှုတွေကို လိုက်နာဖို့နဲ့ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ဖို့ သူတို့ရဲ့ တစ်ခုတည်းသော တာ၀န် အဖြစ် ဆောင်ရွက်သင့်ပါတယ်။ ပြီး အာဆီယံ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှား အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများအပြင် အမျိုးသားညီညွတ်ရေးအစိုးရတို့နဲ့ ချက်ခြင်း တွေ့ဆုံသင့်ပါတယ်” ဟု အာဆီယံပါလီမန်အမတ်များအဖွဲ့မှ ဘုတ်အဖွဲ့၀င် Kasit Pironya ကပြောကြားသည်။

အဆိုပါ တောင်းဆိုချက်အား အောက်တိုဘာ၂၇ ရက် တွင်ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အထူးအစည်းအဝေးတွင် ဘုံသဘောတူညီချက် ၅ချက်ကို ဆွေးနွေးမည့် အာဆီယံ ခေါင်းဆောင်များထံသို့ ပေးပို့ထားပြီး၊ နို၀င်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့လည်း စစ်အစိုးရ ကိုယ်စားပြုမှုကို ဖယ်ထုတ်ရန် တောင်းဆိုထားသည်။