KNU ထိန်းချုပ်ထားတဲ့ ထီးခီးကုန်သွယ်ရေးဂိတ်ကို ထိုင်းဘက်က ပြန်ဖွင့်ပေး

Author CJ Platform
Categories
Published on Jul 09, 2025

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က ထီးခီးကုန်သွယ်ရေးဂိတ်ကို ထိုင်းဘက်ခြမ်းက ပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ ကန်ချနာဘူရီအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

 

ဒါပေမယ့် ထိုင်းဘက်ခြမ်းက ကုန်စည်ကားတွေကိုပဲ ထီးခီးဘက်ခြမ်းကို သွားလာခွင့်ပေးထားပြီး လူအဝင်အထွက် သွားလာတာကို ခွင့်မပြုပေးဘူးလို့ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက CJ Platform ကို ပြောပါတယ်။

 

“လူအဝင်အထွက် မရဘူး။ ကုန်ကားတွေလည်း အဝင်အထွက် မရဘူး။ အဲဒီ ထိုင်းဘက် ဖူနန်ရွမ်ရွာက ဈေးကားတွေပဲ ထီးခီးဘက်ခြမ်းကို ဝင်လာလို့ရတယ်။ ကျန်တဲ့ဟာ ဘာမှမရဘူး” လို့ ပဒိုစောအယ်နားက ပြောပါတယ်။

 

ကန်ချနာဘူရီအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာတော့ မြိတ်-ထားဝယ်ခရိုင် ထီးခီးဒေသမှာ စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုတွေ လျော့ကျလာတာကြောင့် ထီးခီးနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ထိုင်းနယ်စပ်ကော်မတီနဲ့ ကန်ချနာဘူရီအာဏာပိုင်တို့ ပြီးခဲ့တဲ့ ဇွန်လအတွင်း ဆွေးနွေးခဲ့ကြပြီး အခု ဇူလိုင် ၅ ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ဒါဟာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်း တိုးမြှင့်နိုင်ဖို့အတွက် ရည်ရွယ်ပြီး နှစ်ဖက်ဒေသခံပြည်သူတွေရဲ့ ဝင်ထွက်သွားလာခွင့်၊ ကုန်စည်တင်ပို့ရောင်းချခွင့်ကိုလည်း ဖြေလျှော့ခွင့်ပြုထားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

နယ်စပ်ကုန်သွယ်ရေးအရ အရေးပါပြီး နေ့စဉ်ကုန်သွယ်မှုတန်ဖိုး ပျမ်းမျှ ဒေါ်လာ ၇ သန်းဝန်းကျင်ရှိတဲ့ ထီးခီးဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ စတင် ထိုးစစ်ဆင်ခဲ့ပြီး မေ ၉ ရက်မှာ အပြီးသတ် သိမ်းယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – KNU

 

ပုံစာ – ထီးထဗျူဟာစခန်းနဲ့ ထီးခီးဗျူဟာစခန်းက သိမ်းဆည်းရရှိထားတဲ့ လက်နက်ခဲယမ်းတွေကို KNLA ပူးပေါင်းတပ်တွေနဲ့အတူ တွေ့ရစဉ်